Main menu

လာလည်စေချင်သည် ကျောက်တော်ကြီးဘုရားပွဲဆီ

Powered by Drupal
Wed, 10/25/2023 - 10:54 -- consumer_admin

   မန္တလေးမြို့တွင် နှစ်စဉ်သတင်းကျွတ်လဆန်း (၁၃)ရက်မှ လပြည့်ကျော် (၇)ရက်နေ့အထိ ကျင်းပလေ့ရှိသော ကျောက်တော်ကြီးဘုရားပွဲအား ကိုဗစ် ၁၉ ရောဂါများဖြစ်ပွားခဲ့သည့် ၂၀၂၀ခုနှစ်မှစ၍ လူစုလူဝေးခြင်း မဖြစ်ပေါ်စေရေးအတွက်  ပွဲကျင်းလုပ်ခြင်းမရှိခဲ့သော်လည်း ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး ဈေးသည်များရောက်ရှိရောင်းချနေပြီ ဖြစ်ပါသည်။ ကျောက်တော်ကြီး ဘုရားသည် မန္တလေးမြို့နန်းမြို့ရိုး၊ မြနန်းစံကျော်ရွှေနန်းတော်၏ အရှေ့မြောက်ဘက်၊  အောင်မြေသာဇံ မြို့နယ်၊ ဥပုတ်တော်ရက်ကွက်၊ မန္တလေးတောင်ခြေရင်း သုဓမ္မာဇရပ်များအနီးတွင် တည်ရှိပြီး မန္တလေး ရတနာပုံရွှေမြို့တော်ကြီးကို တည်ထောင်သည့် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးမှ တည်ထား ကိုးကွယ်ခဲ့ခြင်းဖြစ်ပါသည်။ မြို့တော်တည်ထောင်ပြီး ငါးနှစ်ခန့်အကြာ မြန်မာသက္ကရာဇ်၁၂၂၆-ခုနှစ်၌ မတ္တရာမြို့ရှိ စကျင်တောင်မှရရှိသော တစ်လုံးတစ်ခဲတည်းသော စကျင်ကျောက်ကြီးကို ပုံတော်ကြမ်း ထုဆစ်စေခဲ့ပြီး မန္တလေးသို့ သယ်ဆောင်ယူကာ မင်းတရားကြီးကိုယ်တိုင် မျက်ခုံး၊ မျက်ရေး တို့ကို ရေးဆွဲလျက် မဟာသကျမာရဇိန် ဟု ကမ္ပည်းတင်ခဲ့သည်။ ကျောက်တော်ကြီးဘုရားမှာ ထက်ဝယ် ဖွဲ့ခွေနေတော်မူသည့် ရုပ်ပွားတော်ဖြစ်ပြီး စကျင်တောင်မှရသောကျောက်ကို အစွဲပြု၍ ကျောက်တော်ကြီး ဘုရားဟု ခေါ်တွင်ခဲ့ကြောင်း လေ့လာမှတ်သားရပါသည်။

    ရုပ်ပွားတော်၏ အရွယ်ပမာဏမှာ ထက်ဝယ်တော်အပြန့် ၁၂ တောင်၊ အဝန်း ၂၈ တောင် ၂ မိုက် ၄ သစ်၊ ခါးတော် အဝန်း ၁ဝ တောင် ၂ မိုင် ၄ သစ်၊ ရင်ပွင့်တော် ပခုန်းစွန်း ဝဲယာ အကျယ် ၈ တောင်၊ အဝန်း အတောင် ၂ဝ၊ ဦးခေါင်းတော် အဝန်း ၁၃ တောင်၊ စမ္မခဏ်မှ ရောင်လျှံတော်ဖျားအထိ ဉာဏ်တော် အမြင့် ၁၇ တောင် ၁ မိုက် ၄ သစ်ရှိပြီး အလေးချိန် (၅၅၂၁၂၅) ပိဿာ၊ တန်ချိန် (၉၀၀ )ခန့် ရှိပါသည်။ ဘုရား ပရဝုဏ်အကျယ် ၄.၂၅ ဧက ရှိပြီး၊ ဘုရားပုရဝုန်အတွင်း လက်ျာတော်ရံ ရဟန္တာ ၄၀ ပါး၊ လက်ဝဲတော်ရံ ရဟန္တာ ၄၀ ပါး၊ စုစုပေါင်း ၈၀ ပါးကို တစ်ပါးစီ အုတ်ကျောင်းဆောင်များနှင့် တည်ထားသည်ကို ထူးခြားစွာ ဖူးတွေ့ရမည်ဖြစ်ပေသည်။

     မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား ဖူးမြော်ရာတွင် ပြတိုက်သို့လည်း ဝင်ရောက် လေ့လာသင့်သည်။ ပြတိုက်ထဲတွင် ထွက်တော်မူကြီး၊ ထွက်တော်မူအခမ်းအနား ရှေးပန်းချီလက်ရာကားများ ကြည့်ရှုလေ့လာနိုင်ပါသည်။ နိပါတ်ပန်းချီဆရာကြီး ဦးစောမောင်၏ ကောသလမင်း အိပ်မက်တစ်ဆယ့်ခြောက်ချက် ပန်းချီကားများလည်း လေ့လာကြည့်ရှုနိုင်ပြီး ဂန္ဓကုဋိတိုက်၏ အနောက်ဘက်တွင် ရှေးလက်ရာ ခြေတော်ရာနှစ်ဆူကိုလည်း ဖူးမြော်နိုင်ပါသည်။ မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရားကြီးအား ထုဆစ်ပြီး ပိုနေသောကျောက်အသားစများကို ကျောက်သပိတ်ကြီး တစ်လုံးရရှိရန် မင်းတုန်းမင်းတရားကြီး၏ အစီအမံဖြင့် ထုဆစ်ခဲ့ပါသေးသည်။ ထိုကျောက်သပိတ်ကြီး၏ အရွယ်အစားမှာ အပြင်နှုတ်ခမ်း ၅-ပေ ၂လက်မ၊ အတွင်းနှုတ်ခမ်း ၄-ပေ ၅-လက်မ၊ အမြင့် ၃-ပေ ၈-လက်မ၊ လုံးပတ် ၂၁-ပေ ၄-လက်မ ရှိကြောင်း မှတ်တမ်းများမှ လေ့လာသိရှိရပါသည်။

    ကျောက်တော်ကြီးဘုရားပွဲသည် မြန်မာနိုင်ငံအထက်ပိုင်းရှိ အထင်ရှားဆုံး၊ အကြီးကျယ်ဆုံးသော ဘုရားပွဲဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ၊ ဘုရားပွဲဈေးတွင် ရောင်းချရန် လာရောက်သည့် ဈေးသည်များနှင့် နှစ်စဉ်ကြိတ်ကြိတ်တိုး စည်ကားလှပေသည်။ ဘုရားပွဲဈေးတွင် မုန့်ပဲသရေစာများ၊ သီတင်းကျွတ်ရောင်စုံမီးအလှများ၊ ကလေးကစားစရာအရုပ်ဆိုင်နှင့် အိုးပုတ်ဆိုင်များ၊ ဖျာနှင့်အိမ်အသုံး အဆောင်ပစ္စည်းများ၊ အဝတ်အစားများ၊ အပျော်တမ်း ဘောလုံးပစ်ဆိုင်များ၊ အပျော်စီးချား၊ ရဟတ်များ ပါဝင်သလို မြန်မာဇာတ်သဘင်များ၊ စတိတ်ရှိုးများလည်းပါဝင်သဖြင့် လည်ပတ်စရာစုံလင်လှပါသည်။ ဘုရားဖူးလာပြည်သူများသည် ပွဲဈေးတွင် လည်ပတ်နိုင်သည့်အပြင် ရဟန်းသံဃာများဦးစီး၍ ကျင်းပသည့် တရားပွဲများတွင်လည်း ပါဝင်ပူဇော်နိုင်ပါသေးသည်။ ယဉ်ကျေးမှုကို ချစ်မြတ်နိုးသူများ လာရောက်လေ့လာလည်ပတ်သင့်သည့် ရှေးဟောင်းဘုရားပွဲတော်ဖြစ်ပြီး စည်ကားသည့် ဘုရားပွဲဈေးနှင့် အေးချမ်းသာယာသည့် ဘုရားရိပ်တရားရိပ်အား ခံစားနိုင်သည့်အပြင် သာယာလှပသည့် ကျုံးပတ်ဝန်းကျင်တွင်လည်း အနားယူလည်ပတ်နိုင်ပါသေးသည်။  ကျင်းပသည့်ပွဲတော်ရက်များအနက် သီတင်းကျွတ်လပြည့်နေ့သည် အစည်ကားဆုံးသော ပွဲတော်ရက်ဖြစ်ပြီး မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရားဝန်းအတွင်း ဆီမီးများဖြင့် ပူဇော်ကြသကဲ့သို့ ကနောင်မင်းသားကြီး အုတ်ဂူရှိသော စန္ဒာမုနိဘုရား၊ ကုသိုလ်တော်ဘုရားကြီးကိုလည်း ဆီမီးများဖြင့် ပူဇော်လေ့ရှိကြသည်။ ယခုနှစ်သည် ကိုဗစ်ကာလ နှောင်းပိုင်းတွင် ပြန်လည်ကျင်းပခြင်း ဖြစ်သော်လည်း ပွဲဈေးသို့လာရောက် ရောင်းချသည့် ဈေးဆိုင်များနှင့် လာရောက်လည်ပတ်သူများ စည်ကားနေပြီးဖြစ်၍ ကျောက်တော်ကြီးဘုရားပွဲသို့ တစ်ခေါက်တစ်ခါလာရောက်လည်ပတ်ရန် ဖိတ်ခေါ်လိုက်ရပါသည်။

ကိုးကား- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)အပိုင်း(ခ)

  ပြည်မြန်မာ ဂျာနယ် (၂၄.၁၂.၂၀၀၉)

DOCA(မန္တလေး)