Main menu

မွန်တို့ဌာနေ ရာမညသို့ အလည်တစ်ခေါက်

Powered by Drupal
Thu, 10/12/2023 - 15:42 -- consumer_admin

     မြန်မာနိုင်ငံတွင် “မွန်တို့ဌာနေ ရာမည” ဟုတင်စားခေါ်ဆိုကြသောပြည်နယ်၊   မြန်မာနိုင်ငံ၏ တတိယအကြီးဆုံးမြို့တော်တစ်ခု၊ မွန်ပြည်နယ်၏ မြို့တော်အမည်မှာ မော်လမြိုင်မြို့ဖြစ်သည်။ မွန်ပြည်နယ်တွင် ထင်ရှားသောတန်ခိုးကြီးဘုရားစေတီများ၊ ရိုးရာယဉ်ကျေးမှု၊ ဒေသအစားအစာ၊ သဘာဝတောတောင်၊ အပန်းဖြေကမ်းခြေနှင့်ကျွန်းများ၊ လယ်ယာစိုက်ခင်းများ၊ ဒူးရင်းခြံ၊ မင်းဂွတ်ခြံ၊ ကျွဲကောခြံနှင့်ရော်ဘာခြံများနှင့် သယံဇာတပေါကြွယ်သာယာဝပြောသောပြည်နယ်ဖြစ်သည်။ မွန်ပြည်နယ်တွင် မွန်၊ ဗမာ၊ ချင်း၊ ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်းလူမျိုးတို့နေထိုင်ကြပြီး စာရင်းရှိလူဦးရေ   ၂၂၄၃၇၉၃ဦးရှိသော ပြည်နယ်တစ်ခုဖြစ်ပါသည်။ 

   နှုတ်ခွန်းဆက်လျှင် “မင်္ဂလာပါ” ကို မွန်စကားဖြင့် “မငေးရအောင်”လို့ ယဉ်ကျေးပျူငှာစွာဧည့်ဝတ်ပြုကြိုဆိုကြပုံမှာ ချစ်စရာကောင်းလှသည်။ မွန်ပြည်နယ်၏ သမိုင်းကြောင်းကိုလေ့လာကြည့်ရာ ဘီစီ၃၀၀ခန့်ကပင် စတင်တည်ထောင်ခဲ့သည်ဖြစ်သည်။ မွန်ပြည်နယ်သည် အသောကမင်း၏လက်ထက်ကပင် စာပေများတွင်ဖော်ပြထားသော သုဝဏ္ဏ ဘူမိ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု သမိုင်းပညာရှင်များကယုံကြည်ကြသည်။ ဤဒေသတွင်နေထိုင်သောလူမျိုးများသည် ဘီစီ၂ရာစုနှင့် ၃ရာစုခန့်တွင် အသောကမင်းနှင့်ဘုန်းကြီးများ မွန်ပြည်နယ်သို့သွားရောက်ခဲ့ရာမှ ဗုဒ္ဓဘာသာနှင့်ဆက်နွှယ်မှုရှိဟုမှတ်သားကြပါသည်။

ယဉ်ကျေးမှုနှင့်ဘာသာစကား

   မွန်လူမျိုးတို့သည် ကိုယ့်ထီးကိုယ့်နန်းနှင့် မင်းဧကရာဇ်၊ စစ်သေနာပတိ၊ ကဝိဆရာ၊ မူးကြီးမတ်ရာ၊ သူဋ္ဌေးသူကြွယ်၊ နယ်စားမြို့စား၊ ပြည်သူများ၊ လူတန်းစားအမျိုးမျိုးရှိခဲ့ကြသည့်အားလျော်စွာ ဝတ်စားဆင်ယင်မှုမှာလည်း လူတန်းစားကိုလိုက်၍ ဝတ်စားဆင်ယင်ခဲ့ကြပါသည်။ ဗုဒ္ဓဘာသာထွန်းမှု၊ မွန်စာပေ၊ မွန်ယဉ်ကျေးမှု၊ မွန်ရိုးရာဝတ်စုံနှင့် သမိုင်းမှာ ယနေ့ချိန်ထိ ထင်ရှားစွာရှိနေဆဲဖြစ်ပါသည်။ မွန်ပြည်နယ်သို့လာလည်သည့် ဧည်သည်များကို “လာလည်ပါ” ကို မွန်ဘာသာစကားဖြင့် “ကလိန်းဝိန်” ဟုဧည်ဝတ်ကျေပွန်ယဉ်ကျေးစွာကြိုဆိုကြသည်။ “ထမင်းစားပြီးပြီလား” ကို မွန်စကားဖြင့်“ ရှိပိန်းတွဲရဟာ”၊ “ထမင်းစားပြီးပြီ” ကို  မွန်စကားဖြင့် “ရှိတွဲရ”ဟုပြောဆိုရသည်။  တိုင်းရင်းသားလူမျိုးများ၏ ရင်းနှီးချစ်ဖွယ်ကူညီပေးသည့်အခါ ပြေဆိုလေ့ရှိသည့် “ကျေးဇူးတင်ပါသည်”ကို  မွန်စကားဖြင့် “သန်းဂူရ”ဟု  ချစ်စရာဟန်ပန်ဖြင့် ပြောဆိုကြပါသည်။

စိတ်ဝင်စားဖွယ်နေရာများ

     မွန်ပြည်နယ်တွင် မြို့နယ်(၁၀)မြို့နယ်ရှိသည်။ မြို့နယ်တစ်ခုစီတွင်  သဘာဝနှင့်အတူ ထူးခြားလှပသာယာမှုများရှိသည်။  မွန်ပြည်နယ်သည် ကမ္ဘာ့လှည့်ခရီးသည်များ စိတ်ဝင်စားသည့်နေရာများစွာကို ရရှိပိုင်ဆိုင်ထားပါသည်။

     မြို့တော်ဖြစ်သော မော်လမြိုင်မြို့၌ ခေါင်းဆေးကျွန်း၊ သံလွင်တံတား၊ ကျိုက်သလ္လံ စေတီ၊ ကျိုက်သုတ်စေတီ၊ ဦးဇိနဘုရား၊ ဦးခန္တီဘုရား၊ ကော့နှပ်ဘုရား၊ နဂါးမောက်စေတီတော်မြတ်ကြီး၊ မွန်ယဉ်ကျေးမှုပြတိုက်၊ တောင်ဝိုင်းစေတီတော်နှင့်ဆုတောင်းပြည့်ဘုရား၊ ဖားအောက်တောရကျောင်း၊ မော်လမြိုင်တောင်ရိုးတန်းနှင့် ညဈေးကမ်းနားလမ်းတို့ရှိသည်။ ထိုနေရာများမှာ ဧည်သည့်အများဆုံးလာရောက်ကြသည့်နေရာများဖြစ်ပါသည်။

    မုဒုံမြို့၌ ဝင်းစိန်လျောင်းတော်မူဘုရား၊ ကန်တော်ကြီးစေတီနှင့်ကန်၊ ကန်ကလေးစေတီနှင့်ကန်၊ ဘင်လှိုင်ဘုရား(မြင်းနှစ်ကောင်)၊ ခယခယူထိုင်တော်မူဘုရား၊ ဝင်းဖနုံဆည်၊ ကော့ပရံဒေသပြတိုက်၊ သမိုင်းဝင်ဂဝံစေတီ၊ လောကနာထကြေးသွန်းလျောင်းတော်မူ၊ ဂျုံးဂျုံးကျရေတံခွန်၊ ကျိုက်ကမောစေတီ၊ နဂါးမောက်ဘုရား၊ ဓာတ်တော်များပြတိုက်တို့မှာလည်း ထင်ရှားသောနေရာများဖြစ်ကြသည်။ ထိုမုဒုံမြို့နှင့်ဆက်နေသော ခုနှစ်ခွေတောင်ကိုဖြတ်ကျော်လျှင် ကျိုက်မရောမြို့ကို အချိန်တိုအတွင်း ရောက်ရှိနိုင်သည်။

    ကျိုက်မရောမြို့၏ မြို့ဝင်လမ်းတစ်လျောက် ထန်းပင်ထန်းလက်တို့မှာလည်း စီစီညီညီလှပနေကြသည်။ ကျိုက်မရောဘုရားကြီး၊ ဆုတောင်းပြည့်ဘုရားကြီး၊ ခရုံဂူ၊ ဖားဘောင်ဂူ၊ စံပယ်ဂူတို့သည် ထင်ရှားသောသမိုင်းဝင်များဖြစ်၍ အများပြည်သူတို့ အလည်ပတ်သွားရောက်ကြသည့်နေရာများဖြစ်ပါသည်။

    ထို့ပြင် ကျိုက်ထိုမြို့နယ်တွင် ကျိုက်ပေါလောမည့်ရှင်ဘုရား၊ ကျိုက်ထီးရိုးစေတီတော်၊ ကျိုက်ကသာမြို့ဟောင်း၊ စစ်တောင်းတံတားဟောင်း၊ ဝင်းက (သုဝဏ္ဏဘူမိမြို့ဟောင်း)ကျိုက်ထီးဆောင်းစေတီတော်၊ ဆင်တပ်၊ မြင်းတပ်၊ ကျောက်စာရုံတို့မှာလည်း ထင်ရှားစွာရှိနေဆဲပင်ဖြစ်သည်။

    ကျိုက်ထီးရိုးဆံတော်ရှင်ဘုရားသည် နာမည်အကျော်ကြားဆုံးဖြစ်ပါသည်။ ရွှေရောင်ကျောက်တုံးသည် ချောက်ကမ်းပါးပေါ်တွင် တိကျစွာတည်ရှိနေပြီး နိုင်ငံအတွင်း ယုံကြည်အလေးစားဆုံးဗုဒ္ဓဘာသာအထိမ်းအမှတ်များအနက် တစ်ခုဖြစ်ပါသည်။ ကျိုက်ထီးရိုးဆံတော်ရှင်ဘုရားကို အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများလာရောက်ဖူးမျှော်ကြသည်။

   ၎င်းကျိုက်ထိုမြို့မှ သထုံမြို့သို့ခရီးဆက်ရန် ဖြောင့်ဖြူးသည့်ကားလမ်းရှိသည်။ သထုံမြို့သည် မြစ်နှစ်စင်းကြားတွင်တည်ရှိပြီး စိတ်ဝင်စားဖွယ်သမိုင်းကြောင်းနှင့်ပြည့်နေသော နန်းတော်အကြွင်းအကျန်များကို တွေ့မြင်နိုင်သည့်မြို့ဟောင်းတစ်ခုဖြစ်ပါသည်။ ထိုသထုံမြို့တွင် မြသပိတ်စေတီတော်၊ ရှေးဟောင်းကျောက်စာများပြတိုက်၊ မနူဟာနတ်နန်း၊ နှီးဘုရားကြီး၊ ရွှေစာရံစေတီ၊ အလံတစ်ရာစေတီ၊ မြို့ဟောင်းမြို့ရိုး၊ ကလျာဏီသိမ်နှင့် ပေါင်မြို့နယ်တွင် ဇင်းကျိုက်ဆံတော်ရှင်၊ ဇင်းကျိုက်ရေတံခွန်၊ ဆင်ရွာရေတံခွန်နေရာများရှိသည်။ မိုးရာသီ(ဝါဆို၊ ဝါခေါင်လ)၌ ဇင်းကျိုက်ရေတံခွန်နှင့် ဆင်ရွာရေတံခွန်တို့မှာ သဘာဝတောတောင်တန်းမှ တသွင်သွင်စီးဆင်းနေသောရေတံခွန်တို့ဖြစ်ကြသည်။ ထိုရေတံခွန်မှကျလာသည့်ရေကို ရေချိုးခြင်း၊ ရေကစားခြင်းများပြုလုပ်ကြပြီး  ၎င်းမှာ ပျော်ရွှင်မှုရသခံစားဖို့ရန်အတွက် လူဦးရေအများဆုံး သွားရောက်အပန်းဖြေကြသည့်နေရာတစ်ခုလည်းဖြစ်ပါသည်။

ထင်ရှားသည့်နေရာနှင့် အဓိကဆွဲဆောင်သည့်နေရာများ

      ဗုဒ္ဓဘာသာသမိုင်းတွင် မော်လမြိုင်မြို့၏ကျက်သရေဆောင်ဖြစ်သည့် ထင်ရှားသောဆံတော်ရှင် ကျိုက်သလ္လံဘုရားသည် မွန်လူမျိုးတို့အထွတ်အမြတ်ထားသော အထိမ်းအမှတ်တစ်ခုဖြစ်ပါသည်။ တောင်ရိုးတန်းတစ်လျှောက်၌ ဘုန်းကြီးကျောင်းတော်များတည်ရှိ၍ အေးချမ်းသာသောဗုဒ္ဓသာသနနေမြေဖြစ်သည်။ ကျိုက်ထီးရိုးဘုရား၊ ဝင်းစိန်တောရ(ဗျိုင်းနှစ်ကောင်)ဘုရားနှင့် ကျိုက္ခမီမြို့မှ ကျိုက္ခမီရေလယ်ဘုရားတို့မှာ တန်ခိုးကြီးဘုရားများဖြစ်ကြသည်။ မုဒုံမြို့ဝင်းစိန်တောရ ဘုရားတွင်တည်ရှိသော ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူဘုရားသို့ ကမ္ဘာ့လှည့်ခရီးသည်အများဆုံးသွားရောက်ကြသည်။

     ကျိုက်ပေါလောမည့်ရှင်ဘုရားနှင့် ရွှေစာရံဘုရားသို့လည်း ဘုရားဖူးများ များပြားစွာသွားရောက်ဖူးမြော်ကြသည်။ စက်စဲကမ်းခြေအပန်းဖြေစခန်း၊ သံဖြူဇရပ်စစ်သင်္ချိုင်း၊ သေမင်းတမန်ရထားလမ်း၊ ကဗျာဝကမ်းခြေ၊ ချောင်းနှစ်ခွအပန်းဖြေစခန်းနှင့် ဝဲကလိရေပူစမ်းနေရာတို့သည် မွန်ပြည်နယ်၏ အဓိကဆွဲဆောင်မှုအရှိဆုံးနေရာများဖြစ်ကြသည်။

     စက်စဲကမ်းခြေသည် မြန်မာနိုင်ငံ၏ အပန်းဖြေသဘာဝကမ်းခြေများအနက် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ၎င်းသည် ဘင်္ဂလားပင်လယ်အော်ကို အပေါ်စီးမှကြည့်သကဲ့သို့တွေ့ရပြီး ကျယ်ဝန်းသောအညိုရောင်ကမ်းခြေတစ်ခုအဖြစ် တွေ့မြင်ရပါသည်။ မော်လမြိုင်မြို့မှ စက်စဲကမ်းခြေသို့ သွားရောက်မည်ဆိုပါက တစ်နာရီခွဲခန့်ကြာမြင့်သည်။ မွန်ပြည်နယ်တွင် ကမ်းခြေများကိုသာမက ကျွန်းအများအပြားကိုလည်းမြင်တွေ့နိုင်သည်။ ထိုကျွန်းများသို့ လှေငှား၍ သွားရောက်လည်ပတ်နိုင်သည်။

     ကမ်းရိုးတန်းဒေသဖြစ်သည်နှင့်အညီ မော်လမြိုင်မြို့နှင့်နီးသောနေရာမှာ ခေါင်းဆေးကျွန်းဖြစ်ပြီး ယင်းကျွန်းသည် နေ့တစ်နေ့ကို အကောင်းဆုံးဖြတ်သန်းရန် နေရာကောင်းတစ်ခုဖြစ်ပါသည်။ ထို့ပြင် ဘီလူးကျွန်းတွင် မွန်လူမျိုးများနေထိုင်ကြသည့် ရွာပေါင်း ၆၄ရွာခန့်ရှိပါသည်။ ချောင်းဆုံမြို့တွင် ရုပ်ပုံဆေးတံနှင့် ကျောက်သင်ပုန်းကြီးတို့မှာ အံ့ဖွယ်ထင်ရှားစွာလှပနေကြသည်။ ၎င်းသည် မွန်ပြည်နယ်၏ အဓိကဗဟိုအချက်အချာတစ်ခုဖြစ်ပြီး လည်ပတ်ရန်နေရာများ၊ ကမ်းခြေနှင့်ကျွန်းများသို့ နေ့ချင်းပြန်ခရီးဖြင့် သွားရောက်အပန်းဖြေလည်ပတ်နိုင်သည်။

မွန်ရိုးရာအစားအစာများ

       သင်္ကြန်ထမင်း၊ မော်လမြိုင်မုန့်ဟင်းခါး(မုန့်တီ)၊ ငါးပေါင်းထုပ်၊ ငါးနှပ်မွန်ချက်၊ မွန်ဒေသ၌  စားသုံးရပါသည်။ သင်္ကြန်ထမင်း၏အရသာမှာ ထမင်းကို ရေခဲရေနှင့် ဖယောင်းနံ့မွှေးအောင် ဖယောင်းမွှေးရည်လုပ်၍ ငါးခြောက်ကို ကြက်သွန်နီလေးခြမ်းခွဲ၍ သရက်ချဉ်နှင့်ကြော်ကို ငရုတ်သီးအခြောက် (အတောင့်ရှည်) ကြော်နှင့်တွဲဖက်စားသုံးရသည်။ သင်္ကြန်ထမင်းသည် နွေရာသီနှင့်လိုက်ဖက်ညီသော စားသောက်ဖွယ်တစ်ခုဖြစ်ပါသည်။ မော်လမြိုင်မုန့်ဟင်းခါးမှာမူ မွန်ဒေသ၏နံနက်စာအဖြစ် စားသုံးကြသည့်အစားအစာဖြစ်သည်။ ဆန်မုန့်ဖတ်နှင့်ဟင်းရည် (ငါးများများနှင့် ငှက်ပျော်ပင်၊ ကြက်သွန်နီဥ၊ ဘဲဥပြုတ်)၊    ငရုတ်သီးအကျက်မှုန့်၊ ပဲကြော်၊ နံနံပင်တို့နဲ့တွဲဖက်၍စားရသော အရသာနှင့်အာဟာရပြည့်ဝသည့် အစားအစာဖြစ်သည်။

     ပျော်ပျော်ပါးပါး မိသားစုတစ်စုတစ်ဝေး ချစ်ခင်စွာပြုလုပ်စားသောက်ကြသည့် ငါး‌ပေါင်းထုပ်ပူပူလေး၏အရသာမှာလည်း တစ်မူထူးဆန်းသည်။ မျှစ်၊ ဘူးသီး၊ ငှက်ပျော်ဖူး၊ ငါးခြစ်၊ ကြက်သွန်နီတို့ကို အရသာပေါင်းစပ်၍ ရဲယိုရွက်နှင့်ထုပ်ပြီး ပေါင်းအိုးနှင့်ပေါင်း၍ စားသုံးကြပါသည်။ ထမင်းနှင့်တွဲဖက်စားရသော ဟင်းလျာအမယ်များအနက် မွန်ချက်(ကြက်သား၊ငါးနှပ်) ဟင်းတို့မှာ အရသာထူး၍ တစ်မူ၊ ငါးနှပ်မွန်ချက်(ငါးနှပ်ပြုတ်)ကို စံပင်လင်ပင်၊ ငရုတ်သီးစိမ်းထောင်း၊ မရမ်းပြားအချဉ်နှင့် နံနက်ပင်အုပ်၍ချက်ပြုတ်စားရသည့် မွန်ဒေသ၏ အရသာရှိသောဟင်းတစ်မယ်ဖြစ်သည်။ ထို့ပြင် ရိုးရာမြန်မာမုန့်များဖြစ်သော မုန့်ဖက်ထုပ်၊ ကောက်ညှင်းထုပ်၊ ကောက်ညှင်းပြန်ပေါင်း၊ ဘိန်းမုန့်၊ ခေါက်မုန့်တို့ကို နေ့ထူးနေ့မြတ်များ၌ လုပ်စားလေ့ရှိသည်။ မွန်ပြည်နယ်ပြည်သူများသည် မွန်အစားအစာများကို နှစ်သက်ကြသကဲ့သို့ ယိုးဒယားအစားအစာများကိုလည်း နှစ်သက်စွာစားသုံးကြသည်။

မွန်ပြည်နယ်သို့ ရောက်ရှိနိုင်သည့်နည်းလမ်းများ

         နိုင်ငံတစ်ဝှမ်းရှိ ဒေသအသီးသီးမှ မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ ဘတ်စ်ကားများဖြင့် အဆင်ပြေလွယ်ကူစွာသွားလာနိုင်သည်။ ရန်ကုန်မှသွားမည်ဆိုပါက အချိန်အားဖြင့် ၆နာရီနှင့် ၇နာရီအကြား ကြာမြင့်ပါသည်။ ရန်ကုန်နှင့်မော်လမြိုင်သို့ ဘတ်စ်ကားများစွာ နေ့စဉ်ပြေးဆွဲလျက်ရှိပါသည်။ မန္တလေးမှလည်း ညအိပ်အဝေးပြေး ဘတ်စ်ကားများဖြင့် သက်တောင့်သက်သာရှိစွာ ခရီးသွားလာနိုင်ပါသည်။ ရန်ကုန်နှင့် ပဲခူးတို့မှ မော်လမြိုင်မြို့သို့ ရထားဖြင့်လည်းသွားနိုင်ပြီး လမ်းခရီးကြာချိန်မှာ ၇နာရီနှင့် ၉နာရီအကြား ကြာမြင့်နိုင်ပါသည်။ ရန်ကုန်မှ မော်လမြိုင်မြို့သို့ ရထားဖြင့်လာနိုင်ပြီး    ရထားအားလုံးအတွက် လက်မှတ်များကို ခရီးမထွက်ခွာမီ (၃)ရက်ကြိုတင်၍ ဝယ်ယူရရှိနိုင်ပါသည်။ လမ်းခရီးတစ်လျှောက်လုံး၌ အေးချမ်းလုံခြုံစွာလာနိုင်ပြီး မိသားစုအလိုက် အိမ်စီးကားများဖြင့်လည်း အဆင်ပြေချောမွေ့စွာလည်ပတ်သွားလာနိုင်ပါသည်။ ထို့ကြောင့် မွန်ဒေသမှ တခြားဒေသသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူများ၊ မွန်ဒေသသို့ မရောက်ဖူးသူများ၊ မွန်ဒေသတွင် အလုပ်ကိစ္စနှင့်လာရောက်ကြသူများ၊ မွန်ပြည်နယ်၏ဒေသကြောင်း လေ့လာမည့်သူများသည် ကိုယ်စိတ်နှစ်ပါး အေးချမ်းပျော်ရွှင်စွာ အလည်အပတ်သွားရောက်၍ ဘုရားအစုံဖူးခြင်း၊  အပန်းဖြေအနားယူနိုင်ရန်အတွက်  “မွန်တို့ဌာနီ ရာမညသို့ အလည်တစ်ခေါက်” ဟူသောခေါင်းစဉ်ဖြင့် ဖိတ်ခေါ်လိုက်ရပါသည်။

DOCA(မွန်)