ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့ ညောင်ပင်လေးဈေးတွင် ရာသီပေါ် အသီးအနှံများ ရောင်းချလျက်ရှိရာ ပဲသီး (ခေါ်)ပဲတောင့်ရှည်သီး (၁၅)တောင့်ပါ အစည်းသေးတစ်စည်းလျှင် ၅၀၀ ကျပ်၊ အစည်းသေး (၅) စည်းပါ အထုံးကြီးတစ်ထုံးလျှင် ၂၀၀၀ ကျပ်နှင့် အတိုအရှည် မျှစည်းထားသော ပဲသီးတစ်ထုံးလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချပါသည်။
ယခုနှစ်၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်၏ သက်ရောက်မှုကြောင့် သီးနှံရိတ်သိမ်းရရှိနိုင်မှု ကျဆင်းမည့် ဘေးအန္တရာယ်မြင့်မားလာသည့် အခြေအနေတွင် အဓိကစားနပ်ရိက္ခာများ လုံလောက်မှုရှိရန် လိုအပ်ချက်အပေါ် စီမံဆောင်ရွက်မှုအဖြစ် အိန္ဒိယနိုင်ငံထံမှ ဆန်တန်ချိန် ၁ သန်း ဝယ်ယူတင်သွင်းရန် သဘောတူညီခဲ့ကြောင်း အင်ဒိုနီးရှားအစိုးရက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ၂၀၂၃ ခုနှစ်၏ ပထမ ၆ လတာကာလအတွင်း ဆန်တန်ချိန် ၄ သန်းကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ရာ ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်လျှင် ၂၀ ရာခိုင်နှုန်းအထိ မြှင့်တက်တင်ပို့လာခဲ့ကြောင်း Bangkok Post သတင်းဌာနက ဇွန်လ ၂၁ ရက်နေ့၌ ဖော်ပြပါသည်။
အယ်လ်နီညို ရာသီဥတုဖြစ်စဉ်၏ အကျိုးသက်ရောက်မှုများကို ရင်ဆိုင်ထိန်းသိမ်းနိုင်ရန် အတွက် နိုင်ငံအများအပြားက အလျင်စလို ဝယ်ယူစုဆောင်းနေကြသဖြင့် ကမ္ဘာ့ဆန်ဝယ်လိုအား မြင့်မားလာပြီး ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုမှာ တန်ချိန် ၈ သန်းကျော်သို့ ရောက်ရှိလာနိုင်ကြောင်း ထိုင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Jurin Laksanawisit က ပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံ၏ တရုတ်နိုင်ငံသို့ ဝါဂွမ်းတင်ပို့မှုပမာဏသည် လာမည့်နှစ်များအတွင်း အမေရိကန်နိုင်ငံကို ကျော်လွန်မည်ဟု ခန့်မှန်းထားပြီး အဓိကကုန်စည်များကို ကုန်သွယ်မှုပြုရာတွင် တရုတ်နိုင်ငံငွေကြေးဖြစ်သည့် ယွမ်ငွေကို အသုံးပြုသွားနိုင်ရေး စီစဉ်လျက်ရှိကြောင်း ဘရာဇီး ဝါသီးနှံစိုက်ပျိုးသူများအသင်း၏ နိုင်ငံတကာဆက်ဆံရေးဌာန၊ ညွှန်ကြားရေးမှူး Mr. Marcelo Duarte Monteiro က ဇွန်လ ၁၆ ရက်၊ သောကြာနေ့တွင် Global Times သတင်းစာသို့ ပြောကြားခဲ့ပါသည်။
