ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သံပုရာသီးဈေးကွက်ဈေးနှုန်းတက်

              ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် သံပုရာစိုက်တောင်သူများ ဈေးကောင်း ရ၍တွက်ခြေကိုက်လျက်ရှိပါသည်။ သံပုရာပင်သည် နှစ်(၄၀)ကျော်ကြာ အပွင့်ပွင့်၍ အသီးသီး နိုင်သော နှစ်ရှည်အပင်မျိုးဖြစ်သော်လည်း (၁၀-၁၅)နှစ်လောက်သာ စိုက်ပျိုးကြောင်း သိရပါသည်။ အပင်စိုက်ပျိုးပြီး ၄-၅နှစ်မှစတင်၍ အသီးသီးပါသည်။ တစ်ဧကလျှင် သံပုရာပင် ၃၀၀ကျော် ခန့်စိုက်ပျိုးနိုင်ပြီး အသီးအားကောင်းသောနှစ်များတွင် တစ်ပင်လျှင် အသီး ၂၀၀-၂၅၀ခန့် သီးနိုင်ကြောင်း သိရပါသည်။

             သံပုရာသီးသည်မိုးရာသီတွင် အသီးနှုန်းအားကောင်း၍ အလုံးချောပြီး ရာသီဥတု ပူပြင်းသော နွေရာသီတွင် အသီးနှုန်းကျဆင်း၍ အသီးမှာလည်း အလုံးသေးသွားကြောင်း သိရပါသည်။ယခု၂၀၂၄ခုနှစ်တွင် သံပုရာစိုက်တောင်သူများအနေဖြင့်အသီးလှိုင်လှိုင်ပေါ်ချိန်တွင် သံပုရာသီး ဈေးကောင်းရခဲ့သလို ဧပြီလနောက်ဆုံးပတ်တွင် ရောင်းချလျက်ရှိသော ဈေးနှုန်းအနေဖြင့် နွေသီးများလည်း အလုံးချောချောတစ်လုံးလျှင် ၃၀၀ကျပ်၊ အသေး တစ်လုံး လျှင် ၂၀၀ကျပ်နှင့် လက်ကားဝယ်ယူသော ဖောက်သည်ဈေးမှာ တစ်လုံးလျှင် ၁၅၀ကျပ်အထိ ဈေးကောင်းရလျက်ရှိပါသည်။ ပြည်မြို့နယ်မှ ထွက်ရှိသော သံပုရာသီးများကို ဒေသတွင်း ဝယ်လက် များနှင့် ရခိုင်ပြည်နယ်ဘက်သို့ပါ တင်ပို့ရောင်းချနေကြောင်း သိရပါသည်။

စားသုံးသူရေးရာဦစီးဌာန

        ပြည်ခရိုင်

ပြည်ဘူးသီးရှားပါး၍ ဈေးမြင့်လျက်ရှိ

           ယခုပူပြင်းလှသော နွေရာသီတွင် ပြည်ဈေးကွက်အတွင်း ဘူးသီးများ ဈေးနှုန်းမြင့်တက် လျက်ရှိပြီး ရေသွင်းစိုက်ပျိုးရသည့်အတွက် ဝင်ရောက်မှုမှာလည်း နည်းပါးသွားပါသည်။ ဘူးသီး ကို ပြည်မြို့အနီးတစ်ဝိုက်ရှိ ဝက်ပုတ်၊ အင်းမ၊ ဆင်မြီးဆွဲ၊ မှော်ဇာ၊ ပုတီးကုန်း၊ သဲကုန်း၊ တောင်လုံးညို၊ ဖိုးခေါင် အစရှိတဲ့ နယ်များတွင် စိုက်ပျိုးလျက်ရှိပြီး ဘူးသီးသည် ရေရရှိပါက တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ကာ ယခုလိုပူပြင်းချိန်တွင် ရေသွင်းရသဖြင့်အချို့နယ်များတွင် စိုက်ပျိုး ထွက်ရှိမှု နည်းပါးသွားသည့်အတွက် ယခင်ဆောင်းရာသီပေါများချိန်တွင် ဘူးသီးတစ်စိတ်လျှင် ကျပ် ၁၀၀-၁၅၀ ရှိခဲ့ပြီး ယခုရှားပါးချိန် ဧပြီလနောက်ဆုံးပတ်တွင် ကျပ် ၃၀၀-၄၀၀နှုန်းများဖြင့် ရောင်းချလျက်ရှိကာ ဘူးသီးအလုံးလိုက် တစ်လုံးလျှင် အကြီး ၃၂၀၀ကျပ်၊ အသေး ၂၅၀၀ကျပ်တို့ဖြင့် အသီးသီး ရောင်းဝယ်မှုရှိနေသည်။

စားသုံးသူရေးရာဦစီးဌာန

      ပြည်ခရိုင်

ပြည်မန်ကျည်းရွက်ဈေးကွက်

           ယခုအခါ တန်ခူးလတွင် မန်ကျည်းရွက်များ ပြည်ဈေးကွက်အတွင်း ရွက်နုဝေချိန်ဖြစ်၍ ပေါများနေကြောင်းသိရပြီး ဈေးနှုန်းမှာလည်း ယခင်ရှားပါးချိန် ဆောင်းရာသီ ဇန်နဝါရီလ နှင့် နှိုင်းယှဉ်ပါက ဈေးချိုနေကြောင်း သိရသည်။ ပြည်မြို့အရှေ့ဘက်ရှိ ဇီးအုပ်ရွာ၊ နတ်တလင်းရွာ၊ ထန်းပေါက်ရွာ၊ မှော်ဇာ၊ ပြည်မြို့အနောက်ဘက်ကမ်း သစ်ဆိမ့်ပင်၊ ရွှေဘုံသာ၊ မန်ကျည်းစုရွာများမှ တစ်ပတ်လျှင် ရက်ခြားဝင်ရောက်မှုရှိပြီး ပိဿာချိန် (၁၀)ပိဿာခန့် အဝင် ရှိနေသည်။ မန်ကျည်းရွက် တစ်ဆယ်သားလျှင် ယခင်ဆောင်းရာသီတွင် ကျပ် (၁၀၀၀)နှုန်းရှိခဲ့ပြီး ၂၀၂၄ခုနှစ် ဧပြီလနောက်ဆုံးပတ်တွင်ရောင်းချသောဈေးနှုန်းအနေဖြင့် တစ်ဆယ်သားလျှင် ကျပ် (၇၀၀-၈၀၀)ခန့်ဖြင့် ရောင်းချကြောင်း သိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန                 

      ပြည်ခရိုင်

ပြည်ကုန်စည်ဒိုင်၏ ၂၀၂၄ခုနှစ် ဧပြီလတတိယပတ် ပဲဈေးနှုန်း

             ပြည်ကုန်စည်ဒိုင်တွင် သင်္ကြန်ပိတ်ရက်အပြီး ကုန်စည်ဒိုင်များပြန်လည်ဖွင့်လှစ်ပြီး ပဲအရောင်း အဝယ်များစတင်ရောင်းဝယ်နေပြီဖြစ်ပါသည်။

             ပြည်ကုန်စည်ဒိုင်၏ ၂၀၂၄ခုနှစ် ဧပြီလတတိယပတ်တွင် မတ်ပဲတစ်တင်းကို ၁၀၃၀၀၀ကျပ်ဖြင့် ဈေးအေး နေပြီး ရန်ကုန်အဝယ်တစ်ရက်ကို အိတ် (၁၀၀/၁၅၀)ခန့်ရှိပါသည်။ သင်္ကြန်ပိတ်ရက်အပြီး ပဲစင်းငုံဈေးမှာတက်လာပြီး ပဲတစ်တင်းကို (၁၃၃၀၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ်၂၅၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။ ကုလားပဲ(ဟော်လန်)တစ်တင်းကို (၈၅၀၀၀)ကျပ်၊ မြကြေးမှုံ တစ်တင်းကို (၈၇၀၀၀) ကျပ်ဖြင့် မြို့တွင်း ခွဲစက်သမားများ တစ်ရက်ကိုအိတ် (၁၅၀/၃၀၀)ခန့် အဝယ်ရှိပါသည်။

             ဧပြီလတတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၉၃၀၀၀)ကျပ်၊ ပဲကြီး(ကုန်းပဲ) တစ်တင်းကို (၈၈၀၀၀)ကျပ် ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကို အိတ်၃၀၀ခန့် အဝယ်ရှိ ပါသည်။ စားတော်ပဲ(ကျွန်း)တစ်တင်းကို (၉၀၀၀၀)ကျပ်ဖြင့် မြို့တွင်း အဝယ်တစ်ရက်ကို ၂၅အိတ်ခန့် အဝယ်ရှိပါသည်။ ဧပြီလတတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို (၆၅၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် ၁၀၀ခန့်ရှိပါသည်။

             ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲဈေးမှာ ဈေးအမြင့်ဖြင့်အေးနေပြီး ပဲစင်းငုံဈေးမှာ ကောင်းနေ ပါသည်။ ကျန်ပဲများဖြစ်သော ပဲကြီး၊ ကုလားပဲ၊ ဘိုကိတ်ပဲများမှာ ဈေးအေးလျက်ရှိကြောင်း သိရပါသည်။

စားသုံးသူရေးရာဦစီးဌာန

        ပြည်ခရိုင်

ရတနာသီရိဈေးကြီးအတွင်း ရောင်းချနေသော သား/ငါးဈေးနှုန်းများ

     မင်္ဂလာဒုံမြို့နယ် ရတနာသီရိဈေးတွင် (၂၃.၄.၂၀၂၄)ရက်နေ့ ဝက်သား တစ်ပိဿာလျှင် ကျပ် ၁၂၀၀၀ မှ ၁၃၅၀၀ အတွင်း၊ ကြက်သား တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ မှ ၁၄၀၀၀ အတွင်း၊ အမဲသား တစ်ပိဿာလျှင် ကျပ် ၁၃၀၀၀ မှ ၁၆၀၀၀ အတွင်း၊ ဆိတ်သား တစ်ပိဿာလျှင် ကျပ် ၂၂၀၀၀ မှ ၂၅၀၀၀ အတွင်း၊ ငါးကြင်းဖြူ တစ်ပိဿာလျှင် ကျပ် ၉၀၀၀ မှ ၁၃၀၀၀ အတွင်း၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ် ၇၀၀၀ မှ ၉၀၀၀ အတွင်း၊ ပုစွန်(ဘောချိတ်) တစ်ပိဿာလျှင် ကျပ် ၂၂၀၀၀ မှ ၂၈၀၀၀ အတွင်း၊ ငါးတန် တစ်ပိဿာလျှင် ကျပ် ၆၀၀၀ မှ ၇၀၀၀ အတွင်း အသီးသီးရောင်းချလျက်ရှိ ပြီး ယခင်အပတ်ထက် ယခုအပတ်ဈေးမှာ ဝက်သားတစ်ပိဿာလျှင် ကျပ် ၅၀၀၊ ကြက်သား တစ်ပိဿာလျှင် ကျပ် ၁၀၀၀၊ ငါးကြင်းဖြူ တစ်ပိဿာလျှင် ကျပ် ၁၅၀၀၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ကျပ် ၁၅၀၀၊  ပုစွန် (ဘောချိတ်) တစ်ပိဿာလျှင် ကျပ် ၃၀၀၀နှင့် ငါးတန်တစ်ပိဿာလျှင် ကျပ် ၅၀၀ ဈေးတက်ခဲ့ပြီး အမဲသား တစ်ပိဿာလျှင် ကျပ် ၅၀၀၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ် ၁၅၀၀ ဈေးကျသွားကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဈေးကွက်တွင် ပေါ်ဦးပေါ်ဖျားထွက်ရှိလာသောမြကျောက်သရက်သီး

            ပြည်ဈေးကွက်၌ ၂၀၂၄ခုနှစ် ဧပြီလတတိယပတ်မှ စတင်ပြီး မြကျောက်သရက်သီးများ စတင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ ပြည်ခရိုင်၊ ပြည်မြို့တစ်ဖက်ကမ်းရှိ ရွှေဘုံသာရွာမှ ထွက်ရှိသော မြကျောက်သရက်သီးမှည့်မှာ ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့် အဝင်နည်းသော် လည်း ဈေးကောင်းပေးဝယ်ယူရကြောင်း သိရှိရပါသည်။ ယခင်နှစ် မြကျောက်သရက်သီး ပေါ်စတွင် တစ်လုံးလျှင် ၁၅၀၀ကျပ်ခန့်ဖြင့် စတင်ရောင်းချခဲ့ပြီး ယခုနှစ် မြကျောက်သရက်သီး ပေါ်စတွင် အလုံးကြီးတစ်လုံးလျှင် ၁၈၀၀ကျပ်နှုန်းဖြင့် စတင်ရောင်းချနေပြီ ဖြစ်ကြောင်း သိရှိရပြီး ယခင်နှစ်ထက်စာလျှင် ဈေးကောင်းရရှိကြောင်းသိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

    ပြည်ခရိုင်

ပြည်ဒေသထွက် ဆူးပုတ်ရွက်

           ဆူးပုတ်ပင်သည် မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ ဆူးပုတ်ပင်တွင် ဆူးပုတ်ကြီးမျိုးနှင့် ဆူးပုတ်ကလေးမျိုးဟူ၍ (၂)မျိုးရှိပါသည်။ ဆူးပုတ်ကြီးမျိုး၏အရွက်မှာ အရွယ်အစားကြီးပြီး အနံ့ပိုပြင်းပါသည်။ ဆူးပုတ်ကလေးမျိုး၏အရွက်မှာ အရွယ်အစားသေးပြီး အနံ့မှာ ဆူးပုတ်ကြီးအနံ့လောက်မပြင်းပါ ။ ဆူးပုတ်ပင်တွင် ဆူးကျဲမျိုး၊ ဆူးလတ်မျိုး၊ ဆူးစိတ် မျိုးဟူ၍ (၃)မျိုးရှိပါသည်။ ဆူးပုတ်ပင်သည် တောင်ပေါ်၊ မြေပြန့် ဖြစ်ထွန်းသည့်အတွက် ရာသီမရွေးစိုက်ပျိုး၍ရပါသည်။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းရှိ ပြည်မြို့နယ်အတွင်း ကျေးလက်ဒေသများတွင် စီးပွားဖြစ်စိုက်ပျိုးခြင်း၊ တစ်နိုင်တစ်ပိုင်ခြံများတွင် စိုက်ပျိုးကြပါသည်။ ဆူးပုတ်ပင်သည် စတင်စိုက်ပျိုးပြီးနောက် သက်တမ်း(၆)လအကြာတွင် ဆူးပုတ်အညွှန့်လေးများ အား ခူးယူရရှိနိုင်ပါသည်။ ဆူးပုတ်အညွန့်များအားတစ်ရက်ခူးယူပြီးလျှင် နောက်ထပ် (၃)ရက်အကြာမှသာ ထပ်မံခူးယူရနိုင်ပါသည်။ ၂၀၂၄ခုနှစ် ဧပြီလနောက်ဆုံးပတ်တွင် ဈေးကွက်အတွင်း ဆူးပုတ်ညွန့်များအား ရောင်းချနေရာ အညွန့်(၃)ခက်ပါတစ်စည်းလျှင် ၂၀၀ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

 

စားသုံးသူရေးရာဦးစီးဌာန

    ပြည်ခရိုင်

တောင်ငူမြို့တွင် သား/ငါးဈေး အတက်အကျရှိ

               တောင်ငူမြို့ ညောင်ပင်ဈေးရှိ သား/ငါးဆိုင်များတွင် ၂၀၂၄ခုနှစ် ဧပြီလနောက်ဆုံး ပတ်တွင် ရောင်းချနေသောဈေးနှုန်းများအနေဖြင့် ကြက်သား (အိမ်မွေးကြက်)မှာ တစ်ပိဿာလျှင် အကောင်လိုက်ဈေး (၂၀၀၀၀) ကျပ်၊ အခြမ်းလိုက်ဈေးမှာ တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စီပီကြက်မှာ ယခင်မတ်လဝက်ခန့်က တစ်ပိဿာလျှင် အကောင်လိုက်ဈေး (၉၀၀၀) ကျပ်၊ အခြမ်းလိုက်ဈေး (၁၂၀၀၀) ကျပ်ရှိရာမှ ဧပြီလနောက်ဆုံး ပတ်တွင် အကောင်လိုက်ဈေး (၁၀၀၀၀)ကျပ်၊ အခြမ်းလိုက်ဈေး (၁၄၀၀၀) ကျပ်၊ ဝက်သားမှာ တစ်ပိဿာလျှင် သုံးထပ်သား (၁၄၀၀၀) ကျပ်၊ ပေါင်သား (၁၆၀၀၀) ကျပ်၊ အသားသီးသန့် (၂၀၀၀၀) ကျပ်ရှိရာမှ ဧပြီလနောက်ဆုံးပတ်တွင် သုံးထပ်သား (၁၅၀၀၀) ကျပ်၊ ပေါင်သား (၁၇၀၀၀)  ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပါသည်။

              ငါးကြင်းမှာ တစ်ပိဿာလျှင် အကောင်လိုက်ဈေး (၈၀၀၀) ကျပ်၊ အခြမ်းလိုက်ဈေး  (၁၂၀၀၀) ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ငါးကြင်းဖြူမှာ  မတ်လဝက်ခန့်က တစ်ပိဿာလျှင် အကောင်လိုက်ဈေး (၁၆၀၀၀) ကျပ် အခြမ်းလိုက်ဈေး (၁၈၀၀၀) ကျပ်ရှိရာမှ ဧပြီလနောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်ဖြင့် ဈေးနှုန်းကျဆင်းပါသည်။

              ငါးရံ့မှာ မတ်လဝက်ခန့်တွင် တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်ရှိရာမှ ဧပြီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်တက်ပြီး ငါးခူမှာ တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်မှ (၂၀၀၀၀)ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

              ပုဇွန်ဆိတ်မှာ တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်ဖြင့်ဈေးနှုန်းတည်ငြိမ်နေပြီး ပုဇွန်ကြီးမှာ မတ်လဝက်ခန့်က တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်မှ (၄၅၀၀၀) ကျပ်ရှိရာမှ ဧပြီလနောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် (၂၈၀၀၀) ကျပ်မှ (၃၅၀၀၀) ကျပ်အထိဖြင့် ဈေးနှုန်း ကျဆင်းကြောင်း ညောင်ပင်ဈေးရှိ သားငါးအရောင်းဆိုင်များမှ သိရပါသည်။

 

စားသုံးသူရေးရာဦးစီးဌာန

တောင်ငူခရိုင်

တောင်ငူမြို့မှ ဒူးရင်းသီးအကြောင်းတစေ့တစောင်း

                 ယခုရာသီစာများထဲမှ လူကြိုက်အများဆုံး အသီးအနှံတစ်ခုဖြစ်သည့် ဒူးရင်းသီး များကိုလည်း တောင်ငူမြို့တွင်ရောင်းချနေကြပြီဖြစ်ပါသည်။ တောင်ငူမြို့ အရှေ့ဘက် ကရင် ပြည်နယ် သံတောင်ကြီးမြို့နယ် သံတောင်၊ ဘောဂလိ၊ လိပ်သို ဒေသများမှ ပေါ်ဦးပေါ်ဖျား ဒူးရင်း သီးများကို တောင်ငူမြို့သို့ လာရောက်ရောင်းချကြပါသည်။

              ၂၀၂၄ခုနှစ် ဧပြီလနောက်ဆုံးပတ်တွင် ရောင်းချနေသောဈေးနှုန်းများမှာ ဒူးရင်းသီးတစ်လုံးလျှင် (၇၅၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်အထိ ရောင်းချနေကြောင်း သိရှိရပါသည်။ ဒူးရင်းသီးသည် ပိုတက်ဆီယမ်ကြွယ်ဝသော အသီးတစ်မျိုးဖြစ်ပါသည်။ ဒူးရင်းသီးစားခြင်းအား ဖြင့် သွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေး၍ သွေးတိုးမဖြစ်စေရန် ကာကွယ်ပေးကြောင်း လည်း သိရှိရပါသည်။

              လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြသော်လည်း ဒူးရင်းသီးကို အလွန်အကျွံ စားသုံး လျှင် ‌အော့အန်ခြင်းများ၊ လေအောင့်ခြင်းများ စသည်တို့ကိုခံစားရမည်ဖြစ်ကြောင်း လေ့လာတွေ့ ရှိ ချက်များအရသိရှိရပါသည်။

 

စားသုံးသူရေးရာဦးစီးဌာန

တောင်ငူခရိုင်

တောင်ငူမြို့မှဒညင်းသီးအကြောင်းတစေ့တစောင်း

       

           တောင်ငူမြို့ ညောင်ပင်လေးဈေးသို့ အခြားဒေသများမှ ရာသီပေါ်သီးနှံများ လာရောက် ရောင်းချပေးလျက်ရှိရာ ၂၀၂၄ခုနှစ် ဧပြီလနောက်ဆုံးပတ်တွင် မော်လမြိုင်ဘက်မှ ဒညင်းသီးများ စတင်ဝင်ရောက် ရောင်းချ လျက်ရှိပါသည်။

          ဧပြီလနောက်ဆုံးပတ်တွင် ရောင်းချလျက်ရှိသော ဈေးနှုန်းများအနေဖြင့် ဒညင်းသီး (အသေး) (၁၀)လုံးလျှင် (၁၀၀၀) ကျပ်၊ အလုံး (၁၀၀) ယူလျှင် (၉၀၀၀) ကျပ်၊ အလတ် (၁၀) လျှင် (၁၂၀၀) ကျပ်၊ အလုံး (၁၀၀) ယူလျှင် (၁၀၀၀၀) ကျပ်၊ အကြီး (၁၀) လုံးလျှင် (၁၅၀၀) ကျပ်၊ အလုံး (၁၀၀) ယူလျှင် (၁၃၀၀၀) ကျပ်အထိ ဈေးနှုန်းအသီးသီး ရှိပါသည်။

          ယခုအခါ ဒညင်းသီးပေါ်စဖြစ်သဖြင့် ဈေးကောင်းပါသည်။ သံတောင်ဘက်မှ ဒညင်းသီး များ ဖြိုင်ဖြိုင်ပေါ်လာပါက ဈေးနှုန်းကျဆင်းနိုင်ကြောင်းနှင့် ဒညင်းသီးများမှာ ရောင်းအားကောင်း ကြောင်း ရောင်းချသည့်ဈေးသည်များမှ သိရှိရပါသည်။

 

      စားသုံးသူရေးရာဦးစီးဌာန

      တောင်ငူခရိုင်

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း