ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြိတ်မြို့ပေါ်ရှိသြဇာသီးဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် သစ်သီးဝလံများ၊ ကုန်မာနှင့်ကုန်စိမ်းများ ကိုအနယ်နယ်အရပ်ရပ်မှ တင်သွင်းရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ စီးပွားရေးအချက်အချာကျသော မြို့လေးတစ်မြို့ဖြစ်ပြီး ရောင်းသူ၊ ဝယ်သူများစည်ကားလျက်ရှိပါသည်။ ထိုသို့ ရောင်းချရာတွင်လည်းအရသာကောင်းမွန်၍ ပေါ်ဦးပေါ်ဖျားသြဇာသီးသည်လည်း အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ သြဇာသီးမှာ နှလုံးသွေးကြောကျဉ်းရောဂါကိုကာကွယ်ပေးခြင်း၊ သွေးအားနည်း ခြင်း ကိုကာကွယ်ပေးခြင်း၊ အမြင်အာရုံကိုကောင်းစေခြင်း၊ ကင်ဆာကိုကာကွယ်ပေးခြင်း၊ အရေပြား ရောဂါတို့ကိုသက်သာစေသော သီးနှံတစ်မျိုးဖြစ်သည်။

  တနင်္သာရီတိုင်း‌ဒေသကြီးတွင် ကော့သောင်းမြို့မှတင်သွင်းလာသော သြဇာသီးများကို မြိတ်မြို့ပေါ်ရှိစျေးများနှင့် သစ်သီးဆိုင်များတွင် သြဇာသီးတစ်လုံးလျှင် (၂၀၀၀) ကျပ်ရှိပြီး တစ်ကီလိုလျှင် (၇၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကိုက်လံဟင်းရွက်စျေးအနည်းငယ်ကျ

   မန္တလေးကုန်စိမ်းစျေးကွက်အတွင်းသို့ ဒေသတွင်းမြို့နယ်များမှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်ဒေသထွက်ကုန်စိမ်းများ ဝင်ရောက်မှုများပြီး၊ကျန်ဒေသများ မှလည်းဝင်ရောက်ကြောင်းသိရပါသည်။ မန္တလေးမြို့၄၁လမ်းစျေး(ကမ်းနားလမ်းစျေး)နှင့်သီရိမာလာ ဈေး(ပိုက်ကျုံးစျေး)တို့မှာ ဟင်းသီးဟင်းရွက်ကုန်စိမ်းများ လက်လီ/ လက္ကားရောင်းချသည့်စျေးများ ဖြစ်ပါသည်။၄၁လမ်းစျေးမှာ မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ထွက် ကုန်စိမ်းများပိုမိုဝင်ရောက်လျှက်ရှိပြီး၊ သီရိမာလာစျေးမှာ မန္တလေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ် ထွက်ကုန်စိမ်းများပိုမိုဝင်ရောက်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လဒုတိယပတ်အတွင်း ကုန်စိမ်းကိုက်လံဟင်းရွက်ပေါက်စျေးအနေဖြင့် လက္ကားစျေး(၁၀စီးပါ)တစ်စည်းလျှင်  ၅၀၀၀ ကျပ် နှင့် ၆၀၀၀ ကျပ်၊ လက်လီစျေးတစ်စည်းလျှင် ၇၀၀ ကျပ်နှင့် ၈၀၀ ကျပ်အသီးသီး ရောင်းချ လျက် ရှိကြောင်းသိရပါသည်။ မိုးရာသီအချိန်ဖြစ်၍ ဟင်းရွက်ကုန်စိမ်းများဝင် ရောက်မှုများပြားလျက်ရှိပြီး၊ ကိုက်လံဟင်းရွက်စျေးနှုန်း အနည်းငယ်ကျသွားကြောင်း သိရပါသည်။ ကိုက်လံဟင်းရွက် အစည်း အသေး အကြီးအပေါ်မူတည်၍ စျေးနှုန်းအနည်းငယ်ကွာခြားမှုရှိပြီး၊ သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစား အလိုက်Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀) စီး နှင့်(၆၀)စီးအကြား  ဝင်ရောက် လျက်ရှိကြောင်း  သိရပါသည်။

DOCA(မန္တလေး)

တနင်္သာရီတိုင်း မြိတ်မြို့ပေါ်ရှိ ကန်စွန်းရွက်

    တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် တောင်ယာလုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြ ပါသည့်အပြင် ရာသီပေါ်သီးနှံနှင့် စားဖိုဆောင်သီးနှံများကို အများအပြားစိုက်ပျိုးကြပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ကန်စွန်း၊ ခရမ်းသီး၊ ဘူးသီး၊ ပဲသီး အစရှိသည့် သီးနှံမျိုးစုံကို စိုက်ပျိုးကြပါသည်။ ကန်စွန်းရွက်ပင်ကို အိမ်တိုင်းလိုလိုစိုက်ပျိုးကြပါသည်။ ကန်စွန်းပင်သည် အပူပိုင်းဒေသတွင် ပေါက်ရောက်သော အပင်တစ်မျိုးလည်းဖြစ်ပါသည်။ ကန်စွန်းပင်သည် ရေထဲ (သို့မဟုတ်) စိုစွတ်သောမြေကြီးပေါ်တွင် ပေါ်လေ့ရှိပြီး ကန်စွန်းရိုးအဆစ်များမှ တစ်ဆင့်အမြစ် များထွက်ပြီး ပေါက်လေ့ရှိပါသည်။ မြိတ်မြို့ပေါ်ရှိ ဆိပ်ငယ်ဈေးကြီး၊ စမ်းချောင်းကုန်စိမ်းဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် ယခင်ပတ်ကကန်စွန်းရွက်တစ်စီးလျှင် (၅၀၀)ကျပ် နှင့် (၆၀၀)ကျပ်ထိရှိပြီး ယခုဇူလိုင်တတိယပတ်တွင် ကန်စွန်းရွက်တစ်စီးလျှင်(၆၀၀)ကျပ်နှင့် (၇၀၀)ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ရွှေဖရုံသီး နှင့် ဘူးသီး ဈေးနှုန်း

            ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးကြသော ရွှေဖရုံသီးများကို ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေး ကွက်အတွင်းသို့ လာရောက်ပို့ဆောင် ရောင်းချကြပြီး ရာသီချိန်မဟုတ်သည့် ကာလ များတွင် ရွှေဖရုံသီးများ ကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချရကြောင်း သိရှိရပါ သည်။

             ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းရှိ ရွှေဖရုံသီး ဈေးနှုန်းအနေဖြင့် ရွှေဖရုံသီး လက္ကားဈေး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ရွှေဖရုံသီး လက်လီဈေး တစ်ပိဿာလျှင်(၂၇၀၀)ကျပ် နှင့် ရွှေဖရုံသီး တစ်စိတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ ဘူးသီး ဈေးနှုန်းအနေဖြင့် ဘူးသီးအလုံး(အကြီး) တစ်လုံးလျှင် လက္ကားဈေး(၂၈၀၀) ဘူးသီးအလုံး(အကြီး) တစ်လုံးလျှင် လက်လီဈေး(၃၀၀၀)ကျပ်၊ ဘူးသီး (အလတ်) တစ်လုံးလျှင် လက္ကားဈေး(၂၃၀၀)ကျပ်နှင့် ဘူးသီး (အလတ်)တစ်လုံးလျှင် လက်လီဈေး (၂၅၀၀) ကျပ်၊ ဘူးသီး(အသေး) တစ်လုံးလျှင် လက္ကားဈေး (၁၈၀၀)ကျပ်၊ ဘူးသီး(အသေး)တစ်လုံးလျှင် လက်လီဈေး (၂၀၀၀)ကျပ် နှင့် ဘူးသီး တစ်စိတ်လျှင် (၅၀၀) ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော မုန့်ညှင်းချဉ် ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် ဒေသထွက် အရန်ဟင်းဖြစ်သည့် လက်လုပ်ချဉ်အမျိုးမျိုးကို ရောင်းချပြီး မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေရှာသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ ရာသီစာဖြစ်သည့် မုန့်ညှင်းချဉ်လုပ်ငန်းကို လုပ်ကိုင်ရောင်းချလျက်ရှိကြောင်း သိရပါသည်။

            ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးမှာ နှစ်ပေါင်းများစွာ အချဉ်မျိုးစုံဖြစ်သည့် ပဲတီချဉ်၊ မုန့်ညှင်းချဉ်၊ သရက်ချဉ်၊ မုံလာချဉ်၊ သရက်သီးကုလာတည်ချဉ်၊ နှမ်းပတ်ချဉ်နှင့် သံပုရာချဉ်တို့ကို လုပ်ကိုင်ရောင်းချ လျက်ရှိရာ မုန့်ညှင်းချဉ်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ မုန့်ညှင်းချဉ်ကို စားသုံးသူများမှ အရန် ဟင်းတစ်မျိုးအဖြစ် အသုံးပြုသည့်အပြင် မုန့်တီ၊ မုန့်ဟင်းခါး၊ ရေစိမ်ဆိုင်များနှင့် ထမင်းဆိုင်များတွင် အသုံးပြုသည့်အတွက် ရောင်းကောင်းလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်တွင်  မုန့်ညှင်းချဉ် ဈေးနှုန်းအနေဖြင့် မုန့်ညှင်းချဉ် လက္ကား တစ်ပိဿာလျှင်(၂၇၀၀)ကျပ်၊ မုံညှင်းချဉ် လက်လီ တစ်ပိဿာလျှင်(၃၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် နှင့် လက်ဖက်ရည် သောက်ပန်ကန် တစ်ပန်ကန်လျှင်(၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးအတွင်း လက်လုပ်ချဉ်များ ရောင်းချနေသူ တစ်ဦးထံမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော မလိုင်လုံး နှင့် မလိုင်ချောင်း ဈေးနှုန်း

          ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များနှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် မလိုင်လုံးနှင့် မလိုင်ချောင်းကလေးများကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

           ၂၀၂ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော မလိုင်လုံး ဈေးနှုန်းအနေဖြင့် မလိုင်လုံး လက္ကား တစ်ပိဿာ လျှင်(၁၂၀၀၀)ကျပ်၊ မလိုင်လုံး လက်လီ တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ မလိုင်လုံး(၅၀)ကျပ်သားလျှင် (၅၀၀)ကျပ်နှင့် မလိုင်လုံး(၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ကုလားပဲချောင်း ဈေးနှုန်းအနေဖြင့် ကုလားပဲချောင်း လက္ကား တစ်ပိဿာလျှင်(၈၅၀၀)ကျပ်၊ ကုလားပဲချောင်း လက်လီ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ကုလားပဲချောင်း (၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ်နှင့် ကုလားပဲချောင်း(၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံ ရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့ရှိ မန်ကျည်းသီးမှည့် ဈေးနှုန်း

            ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရပ်ကွက်များတွင် မိမိတို့နေအိမ်ခြံဝင်းစည်းရိုးများနှင့် လယ်ယာမြေများပေါ်တွင် အရိပ်ရစေရန် အတွက် စိုက်ပျိုးကြသလို အလေ့ကျပေါက်‌ရောက်သည့် အပင်များလည်းရှိကြရာမှ ယခုအ‌ခါတွင် မန်ကျည်းသီးအမှည့်များကို ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရသည်။

              ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင် ဈေး၏ မန်ကျည်းသီးမှည့် ဈေးနှုန်းများမှာ မန်ကျည်းသီးမှည့်(အစေ့လွတ်)လက္ကားဈေး တစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊ မန်ကျည်းသီးမှည့်(အစေ့လွတ်) လက်လီဈေး တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်၊(၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် မန်ကျည်းသီးမှည့်(အစေ့ပါ)လက္ကားဈေး တစ်ပိဿာ လျှင်(၁၈၀၀)ကျပ်၊ မန်ကျည်းသီးမှည့်(အစေ့ပါ) လက်လီဈေး တစ်ပိဿာလျှင်(၂၀၀၀)ကျပ် နှင့် (၅၀) ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မင်းဂွတ်သီးနှင့် ကြက်မောက်သီး ဈေးနှုန်း 

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊ ဒိန်ညှင်းသီး နှင့် ဖရဲသီးများကို  မန္တလေးမြို့ နှင့် လားရှိုးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရသည်။

            မင်းဂွတ်သီးပင်ကို အရှေ့တောင်အာရှနိုင်ငံတွေက အရင်ဆုံး စိုက်ပျိုးခဲ့ကြတာလို့သိရပါသည်။ ထိုင်း၊ မြန်မာ၊ အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတွေမှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက စိုက်ပျိုးလာကြတာဖြစ်ပြီး မင်းဂွတ်သီးကဆေးဘက်ဝင်အသီးတစ်မျိုးလည်းဖြစ်၍ ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်တွေပါဝင်ခြင်း၊ အူမကြီးကင်ဆာဆဲလ်တွေကြီးထွားမှုကို ဟန့်တားနိုင်ခြင်း၊ ရောင်ရမ်းမှုကိုတိုက်ဖျက်ပေးနိုင်ခြင်း၊ အရေပြားကျန်းမာစေခြင်း၊ ကိုယ်ခံအား မြှင်တင်ပေးနိုင်ခြင်းနှင့် ဝမ်းကိုက်ရောဂါကို သက်သာစေနိုင်ခြင်း စသည့် ကျန်းမာရေးတွေအတွက် အထောက်အကူ ဖြစ်စေသည်ကို လည်းသိရှိရပါသည်။ ထို့နောက် ကြက်မောက်သီးမှာ အဟာရဓါတ် များစွာပါဝင်သည့်အတွက် ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်ပါသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ မင်းဂွတ်သီး ဈေးနှုန်းများမှာ မင်းဂွတ်သီး အကြီး(၁)လုံးလျှင်(၅၀၀)ကျပ်၊ မင်းဂွတ်သီး အလတ်(၁)လုံးလျှင်(၄၀၀)ကျပ် နှင့် မင်းဂွတ်သီး အသေး(၁)လုံးလျှင်(၃၅၀)ကျပ် နှင့် ငွေကျပ်(၁၀၀၀)ဖိုး(၃)လုံး ဈေးနှုန်းတို့ဖြင့် လည်း ကောင်း ကြက်မောက်သီး ဈေးနှုန်း အနေဖြင့် ကြက်မောက်သီး အကြီး တစ်လုံးလျှင်(၃၅၀)ကျပ်၊ ငွေကျပ် (၁၀၀၀)ဖိုးလျှင်()လုံးနှင့် ကြက်မောက်သီး အသေး တစ်လုံးလျှင် (၂၅၀)ကျပ် ငွေကျပ်(၁၀၀၀)ဖိုးလျှင် (၄)လုံးတို့ဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

‌ပဲလင်းမြွေသီး၊ ပိန္နဲသီး နှင့် သခွားသီး ဈေးနှုန်း

             ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းသို့ ယခုရာသီအချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စားဖိုဆောင်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်သီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး  တို့ကို စိုက်ပျိုးသည့်အနက် ဗုံလုံသီး (ခေါ်)ပဲလင်းမြွှေသီးများကို စိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းသို့ လာရောက်ပို့ဆောင် ရောင်းချရကြောင်း သိရှိရပါသည်။

           ဗုံလုံသီး (ခေါ်)ပဲလင်းမြွှေသီးများကို ပုဇွန်ခြောက်ကလေးဖြင့်နှပ်ခြင်း၊ အသားသွပ်ပြီးချက်ခြင်း၊ ဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီးများကို ပြုတ်ပြီး ငပိရည်ဖြင့်တို့စာခြင်း နှင့် ပါးပါးလှီးပြီး အချဉ်သုပ်စားခြင်း စသည်တို့ဖြင့် ချက်ပြုတ်စားသောက်ကြပါသည်။

         ၂၀၂၅ ခုနှစ်၊  ယခု ဇူလိုင်လ ပထမအပတ်တွင် သစ်ရာမြိုင်‌ဈေးကွက်အတွင်းရှိ ဗုံလုံသီး(ခေါ်) ပဲလင်း မြွှေသီး ဈေးနှုန်းအနေဖြင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွှေသီး အကြီး တစ်တောင့်လျှင် လက္ကားဈေး (၆၅၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွှေသီး အကြီး တစ်တောင့်လျှင် လက်လီဈေး(၈၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွှေ သီး အလတ် တစ်တောင့်လျှင် လက္ကားဈေး(၅၅၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွှေသီး အလတ် တစ်တောင့် လျှင် လက်လီဈေး(၇၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွှေသီး အသေး တစ်တောင့်လျှင် လက္ကားဈေး(၃၅၀) ကျပ် နှင့် ဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီး အသေး တစ်တောင့်လျှင် လက်လီဈေး(၅၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့် လည်းကောင်း ပိန္နဲသီးပြုတ် ဈေးနှုန်းအနေဖြင့် ပိန္နဲသီးပြုတ် လက္ကား တစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ ပိန္နဲသီးပြုတ် လက်လီ တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ပိန္နဲသီးပြုတ်(၅၀) ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့် ပိန္နဲသီး ပြုတ်(၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်ဈေးနှုန်း နှင့် သခွားသီး ဈေးနှုန်းအနေဖြင့် ဒေသထွက် ရိုးရိုး ဗမာသခွားသီး အကြီး (၁)လုံးလျှင်(၁၀၀၀)ကျပ် နှင့် ရိုးရိုး ဗမာသခွားသီး အလတ်(၁)လုံးလျှင်(၇၀၀)ကျပ်၊ အသေး တစ်လုံးလျှင် (၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၏ စွန်တာနီပဲ(ခေါ်)ပဲနီရေပွ နှင့် စားတော်ပဲပြုတ် ဈေးနှုန်း

            ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ မိမိတို့တောင်ယာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိရာ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ နေကြာ စသည့်တို့အနက်မှ စွန်တာနီပဲ(ခေါ်)ပဲနီ နှင့် စားတော်ပဲတို့ကိုလည်း ကန့်ဘလူမြို့ပွဲရုံများနှင့်ကျွန်းလှမြို့ပေါ်ဈေးကွက်သို့ လာရောက်ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရသည်။

          စားတော်ပဲပြုတ်ကို ရှေးမြန်မာဘုရင်များလက်ထက်နှင် မြန်မာလူမျိုးများ အကြိုက်များပြီး မြန်မာ တဝှမ်းတွင် ကျယ်ပြန့်စွာအသုံးပြုကြသည်။ စားတော်ပဲပြုတ်ကို မိမိတို့ကိုယ်တိုင်ပြုတ်စားလျှင် အချိန် ကြာမြင့်သည့်အတွက် မနက်ခင်းပိုင်း အရပ်ထဲတွင် လှည့်ရောင်းသည့် စားတော်ပဲပြုတ်သည်များထံမှ ဝယ်ယူစားသုံးမှုများသည်ကို တွေ့ရှိရပါသည်။ စားတော်ပဲပြုတ်သည် အညှောက်ထိုးအောင်ထားပြီး ပြုတ်သည့်အတွက် နူးအိပြီး အရမ်းချိုကာ ခွန်အားဖြစ်စေသည့်အတွက် နေ့စဉ် အရန်ဟင်းအဖြစ် စားသုံး မှုအများဆုံးပဲဖြစ်သည်ဟု သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ပိတောက်မြိုင်ဈေး၏ စွန်တာနီပဲ (ခေါ်)ပဲနီရေပွ ဈေးနှုန်းများမှာ စွန်တာနီပဲ(ခေါ်)ပဲနီရေပွ တစ်ပြည်လျှင်(၄၈၀၀)ကျပ်၊ စွန်တာနီပဲ(ခေါ်) ပဲနီရေပွ နို့ဆီဘူး(၄)ဘူးလျှင်(၂၄၀၀)ကျပ်နှင့် နို့ဆီတစ်ဘူးလျှင်(၆၀၀)ကျပ် နှင့် စားတော်ပဲပြုတ် လဖက်ရည်သောက်ပန်ကန် တစ်လုံးလျှင်(၅၀၀)ကျပ်(၂၀၀၀)ကျပ်ဖိုးလျှင်(၅)ပန်ကန်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပဲရေပွနှင့်စားတော်ပဲပြုတ် ရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း