ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ငါးပိ၊ ငါးခြောက်ဈေးနှုန်းဈေးကွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မြို့မဈေးကြီးအတွင်း နေ့စဉ် လက်လီ/ လက်ကားရောင်းချလျက်ရှိသော စားသောက်ကုန်များတွင် ငါးပိ၊ ငါးခြောက်ဈေးကွက်လည်း အရောင်းအဝယ်သွက်လျက် ရှိပါသည်။ အောက်တိုဘာလ တတိယပတ်တွင်လည်း ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း၊ ငါးခြောက်ရောင်းချသော ကုန်စုံဆိုင်များမှသိရပါသည်။ ဈေးနှုန်းများမှာ ရွှေပုစွန်ခြောက်ရှယ်သန့် တစ်ပိဿာလျှင် (၁၂၀၀၀၀-၁၅၀၀၀၀)ကျပ်၊(အလတ်) တစ်ပိဿာလျှင် ၇၅၀၀၀ကျပ်၊ ပုစွန်ငါးပိတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်နှင့် အသားကြီးခြောက် (အမြှောင်း) တစ်ပိဿာလျှင် (၃၅၀၀၀မှ ၃၈၀၀၀)ကျပ်၊ ငါးတံခွန် ၂၅၀၀ကျပ်၊ အာဗြဲခြောက်တစ်ပိဿာလျှင် ၂၅၀၀၀၀ကျပ်နှင့် ငါးနီတူတစ်ပိဿာလျှင် (၃၂၀၀၀-၃၅၀၀၀) ကျပ်ဖြင့် ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်းပါသည်။ DOCA(ပဲခူး)

အုတ်ဖို‌ဒေသထွက် ပန်း‌ဂေါ်ဖီ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်သည် ဒေသန္တရအရတောင်ကျချောင်းကြီး(၃)ခုစီးဝင်လျက်ရှိပြီး ကျေးရွာအုပ်စု(၅၄)အုပ်စုတွင် စိုက်ပျိုးရေးသည် အဓိကအသက်မွေးလုပ်ငန်း ဖြစ်ပါသည်။ ရာသီအလိုက်စိုက်ပျိုးနိုင်သော ဧကပေါင်း(၆၆၅၉)ဧကခန့်ရှိပြီး ငရုတ်၊ ဂေါ်ဖီ၊ သခွား၊ ချဉ်ပေါင်၊ ရုံးပတီတို့ကို အဓိကထား၍စိုက်ပျိုးကြပြီး ဒေသတွင်းစားသုံးရန်သာမက အခြားမြို့နယ်များသို့ တင်ပို့ရောင်းချကြကြောင်းသိရှိရပါသည်။ အုတ်ဖိုမြို့နယ်အတွင်း ထယ်ကြောရွာ၊ လေးတဲရွာ၊ ရှမ်းရွာ၊ သရက်ပင်ဆိပ်၊ သမန်းကုန်းရွာ၊ ကျပ်ချောင်းရွာ စသောကျေးရွာအုပ်စုများသည် ပန်းဂေါ်ဖီ၊ ဂေါ်ဖီ အများဆုံးစိုက်ပျိုးသော ဒေသများဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် အိုးရှင်းမျိုးစ့(၁၂)ထုတ်ခန့်စိုက်ပျိုးရပြီး၊ထွန်ယက်ခ၊ ဆေးဖြန်းခ၊ ရေသွင်းခအပါအဝင် (၁၂၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ ယခုနှစ်တွင် မိုးအနည်းငယ်ပိုများသဖြင့် အချိန်(၁)လခန့်နောက်ကျစိုက်ပျိုးရပြီး ပိုးသတ်ဆေး၊ အပင်အား ဆေးပိုသုံးရ၍ ဈေးကောင်းရရန်လိုအပ်နေကြောင်း၊ စိုက်ပျိုးထွက်ရှိမှုအနေဖြင့် ပန်းဂေါ်ဖီအပွင့် (၁၃၀၀၀)ပွင့်ခန့်ထွက်ရှိပြီး ပန်းပွင့်အကြီး/ အသေး ရောရာတစ်ပွင့်လျှင် (၄၀၀)ကျပ်ခန့်ရောင်းချရကြောင်း၊ တစ်ဧကဝင်ငွေ (၅၂၀၀၀၀၀)ခန့်ရရှိသဖြင့် တစ်ဧကအကျိုးအမြတ်အနေဖြင့် (၄၀၀၀၀၀၀)ကျပ်ရရှိနိုင်ပါကြောင်း စိုက်ပျိုးထုတ်လုပ်သူတောင်သူတစ်ဦးထံမှသိရှိရပါသည်။ DOCA(ပဲခူး)

တောင်ငူမြို့တွင် ရောင်းချလျက်ရှိသည့် ရှမ်းပြည်ထွက်ခေါပုတ်

တောင်ငူမြို့ ညောင်ပင်ဈေးသို့ နေရာဒေသအသီးသီးမှ ဒေသထွက်ကုန်များ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ လာရောက်ရောင်းချလျက်ရှိရာ ရှမ်းပြည်ဒေသထွက် ခေါပုတ်များလည်း လူကြိုက်များ၍ ရောင်းအားကောင်းကြောင်းသိရပါသည်။ ခေါပုတ်ကို ကောက်ညှင်းဖြင့်ပြုလုပ်ပြီး မီးကင်၍သော်လည်းကောင်း၊ ဆီဖြင့်ကြော်၍သော်လည်းကောင်း စားသုံးနိုင်ပါသည်။ ခေါပုတ်ကို ထန်းလျက်၊ ဆား၊ သကြား၊ ဆီတို့ဟူး၊ ငါးခြောက် စသည်တို့နှင့် မိမိတို့ကြိုက်နှစ်သက်ရာ အဆာပြေစားသုံးနိုင်ပါသည်။ ခေါပုတ်ကို ယခင်က တစ်ထုပ်လျှင် ၁၀၀၀ကျပ်ဖြင့်ရောင်းချခဲ့ပြီး ယခုအခါ တစ်ထုပ်လျှင် ၁၃၀၀ကျပ်၊ နှစ်ထုပ်ယူလျှင် ၂၅၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ DOCA(ပဲခူး)

တောင်ငူမြို့မှ သပြေစိုက်ပျိုးသူများ အပိုဝင်ငွေရ

မြန်မာလူမျိုးတို့သည် မိမိတို့အိမ်များတွင်လည်းကောင်း၊ ဘုရားကျောင်းကန်များတွင်လည်းကောင်း ဘုရားပန်းများကို ဝေဝေဆာဆာကပ်လှူကြသဖြင့် သပြေစိုက်သူများ ရောင်းအားကောင်းလျက်ရှိကြောင်းသိရပါသည်။ အိမ်ခြံဝင်းများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသူများပြီး စီးပွားဖြစ်စိုက်ပျိုးသူများလည်းရှိပါသည်။ သပြေပင်သည် စိုက်ပျိုးရလွယ်ကူပြီး ထိန်းသိမ်းရသည့်စရိတ်စကသည်လည်း အနည်းဆုံးဖြစ်ပါသည်။ ဘုရားပန်းအိုး၊ နတ်ပန်းအိုးများတွင် အောင်သပြေညွန့်အဖြစ်အသုံးပြုကြသည့်အတွက် ရောင်းအားကောင်းကြောင်းသိရပါသည်။ သပြေပန်း ၁၀ညွန့်ပါ တစ်စည်းလျှင် ယခင်က ၄၀၀ကျပ်ဖြင့်ရောင်းချခဲ့ရာမှ ယခုအခါတွင် တစ်စည်းလျှင် ၅၀၀ကျပ်ဖြင့်ရောင်းချသဖြင့် ဈေးနှုန်း ၁၀၀ကျပ် တက်သွားပါသည်။ ဘုရားကပ်လှူရာတွင် အခြားပန်းများနှင့်မတူ တမူထူးခြား သပ္ပါယ်သည့်အတွက် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း ညောင်ပင်ဈေးရှိ ဘုရားပန်းအရောင်းဆိုင်များမှသိရပါသည်။ DOCA(ပဲခူး)

တောင်ငူမြို့ ညောင်ပင်ဈေးမှ ရုံးပတီသီးနှင့် ပဲဇောင်းလျားသီးများ

တောင်ငူမြို့ အနီးဝန်းကျင်ကျေးရွာများတွင် မိုးရာသီသီးနှံများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ ထွက်ရှိလာသောအသီးအနှံများကို ကုန်စိမ်းဈေးဖြစ်သော ညောင်ပင်ဈေးသို့ လာရောက်ရောင်းချလျက်ရှိကြပါသည်။ ယခုအခါတွင် ရုံးပတီသီးများပေါ်နေပြီဖြစ်ရာ ရုံးပတီသီး ၃တောင့်ပါ အစည်းသေး ၁၀စည်းလျှင် အစည်းကြီးတစ်စည်းစည်းပြီးလျှင် ၈၅၀၀ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်။ ပဲဇောင်းလျားသီးများလည်းပေါ်နေပြီဖြစ်ရာ ၂၅ကျပ်သားလျှင် ၈၀၀ကျပ်၊ တစ်ပိဿာလျှင် ၃၀၀၀ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်။ ရုံးပတီသီးနှင့် ပဲဇောင်းလျားသီးများမှာ ပေါ်ခါစဖြစ်၍ ဈေးနှုန်းအနည်းငယ်မြင့်သော်လည်း လှိုင်လှိုင်ပေါ်လာပါက ဈေးနှုန်းကျဆင်းနိုင်ကြောင်း ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်ဆိုင်များမှသိရှိရပါသည်။ DOCA(ပဲခူး)

ပဲခူးမြို့မှ တစ်နိုင်တစ်ပိုင် ကန်စွန်းဥကြော်

မြန်မာ့အာဟာရအစားအစာတစ်ခုဖြစ်သော ကန်စွန်းဥကို ပြုတ်စားခြင်း၊ ကြော်စားခြင်း ၊ သာကူနှင့်ကျိုစားခြင်း၊ ဟာလဝါမုန့်ပြုလုပ်ခြင်း စသည်ဖြင့် နည်းမျိုးစုံလုပ်စားလေ့ရှိကြပါသည်။ ကန်စွန်းဥတွင် အတွင်းသား လိမ္မော်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်ဟု (၃) မျိုးရှိရာ ကြော်ရာတွင် ခရမ်းရောင်ကန်စွန်းဥကိုသာ အများဆုံးအသုံးပြုလျက်ရှိပြီး ကုန်ကြမ်းအနေဖြင့် ရှမ်းပြည်တောင်ပိုင်းမှ အဓိကဝယ်ယူကြောင်းသိရှိရပါသည်။ ကန်စွန်းဥကြော်ပြုလုပ်ရာတွင် ကန်စွန်းဥအား ရေနှင့်သန့်စင်အောင်ဆေး၍ အပေါ်ယံအခွံခွာပြီး စက်ဖြင့်ပါးပါးလှီး၍ စားအုန်းဆီ၊ ဆား၊ ဟင်းခတ်မှုန့်တို့ဖြင့်ကြော်ရပါသည်။ ယခုကဲ့သို့သော ကန်စွန်းဥလှိုင်လှိုင်ပေါ်ချိန်တွင် ကန်စွန်းဥ(၁) ပိဿာလျှင် ကျပ်၁၃၀၀ဖြင့်ဝယ်ယူရပြီး ကန်စွန်းဥ(၁) အိတ်လျှင် အချိန် (၄၀) ပိဿာခန့်ပါရှိပြီး ကန်စွန်းဥအချိန် (၄၀) ပိဿာ (၁) အိတ်လျှင် စားအုန်းဆီ (၄) ပိဿာဖြင့်ကြော်ရပြီး လောင်စာဆီခ ၂၀၀၀၀ကျပ်၊ လုပ်သားခ ၁၀၀၀၀ကျပ်ကုန်ကျပါသည်။ ကန်စွန်းဥ(၁)အိတ်လျှင် ကန်စွန်းဉကြော် ၁၂ပိဿာခန့် ထွက်ရှိကြောင်းသိရှိရသည်။ ကန်စွန်းဥကြော်အား ပိဿာချိန်ဖြင့် ၁ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့်ရောင်းချပြီး ၃၀၀ဂရမ်ပါဘူးတစ်ဘူးလျှင် ၅၀၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး (၂၀၀၀၀)ကျပ်ခန့်အမြတ်ကျန်ကြောင်း ပဲခူးမြို့ ညောင်အင်းကျေးရွာ ဝတုတ်ကြီးအကြော်စုံလုပ်ငန်းပိုင်ရှင်ထံမှသိရှိရပြီး ကန်စွန်းဥကြော်များအား ပဲခူးမြို့အတွင်းအရောင်းဆိုင်များ၊ ဒေသထွက်ကုန်အရောင်းစင်တာနှင့် ရန်ကုန်မြို့၊ ပုသိမ်မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ DOCA(ပဲခူး)

သန့်ရှင်းလတ်ဆက်သော ပဲခူးမြို့မှ ချစ်စရာ WOW အာလူးကြော်

လူမျိုးဘာသာမရွေး ခရီးသွားရင်း၊ ရုပ်ရှင်ကြည့်ရင်း စားသုံးကြသည့် သားရေစာများထဲတွင် အာလူးကြော်သည်လည်း အပါအဝင်ဖြစ်ပြီး ချစ်စရာ WOW အာလူးကြော်ကို ပဲခူးမြို့၊ ညောင်အင်းကျေးရွာ ဝတုတ်ကြီးအကြော်စုံလုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိပြီး အာလူးကြော်ရန်အတွက် ရှမ်းပြည်နယ်၊ အောင်ပန်းဒေသမှထွက်ရှိသော အကောင်းဆုံးအမျိုးအစားထဲမှ ရွှေဝါရောင်အာလူးအမျိုးအစားကိုရွေးချယ်ဝယ်ယူ၍ ရေသန့်စင်အောင်ဆေး၍ အခွံခွာပြီး အာလူးများအား အပါးပြားလှီးခြင်း၊ စကာကွက်လှီးခြင်းနှင့် အချောင်းလိုက်လှီးခြင်းဖြင့် ပုံစံ(၃)မျိုးအား အချိုနှင့်အစပ်ဟူ၍ နှစ်မျိုးကြော်၍ ပါဝင်ပစ္စည်းများအနေဖြင့် စားအုန်းဆီ၊ ဆား၊ ဟင်းခတ်မှုန့်တို့ကိုသာအသုံးပြုကြောင်းသိရှိရသည်။ ပါးပါးလှီးထားသော အာလူးပြားများအား ရေနှင့်စင်အောင်ဆေးကာ စက်ဖြင့် ရေစင်အောင် စစ်ထုတ်၍ ကြော်ပြီး ဘူးသွပ်၍ ရောင်းချလျက်ရှိကြောင်းသိရှိရသည်။ သြဂုတ်လ၊ ဒုတိယအပတ်တွင် အာလူးကြော် (၃၀၀)ဂရမ်တစ်ဘူးလျှင် ကျပ်(၅၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး အာလူးကြော်ရန်အတွက် တစ်ရက်လျှင် လုပ်သား(၁၀)ဦးဖြင့် အာလူး(၃၀)ပိဿာအိတ် ၃၀ခန့်အား စားသုံးဆီ ၁၀ပိဿာခန့် အသုံးပြု၍ ကြော်ရပြီး အာလူး (၃၀) ပိဿာဝင်တစ်အိတ်လျှင် အာလူးကြော် ၇ပိဿာနီးပါးခန့်ထွက်ရှိပြီး (၂၀၀၀၀)ကျပ်ခန့်အမြတ်ကျန်ကြောင်းသိရှိရသည်။ ချစ်စရာ Wow အာလူးကြော်များအား ပဲခူး၊ ရန်ကုန်၊ ပုသိမ်မြို့များသို့ အဓိကဖြန့်ချိတင်ပို့ရောင်းချလျက်ရှိပြီး ပဲခူးမြို့ ဒေသထွက်ကုန်များ အရောင်းစင်တာတွင် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ DOCA(ပဲခူး)

ပဲခူးမြို့ဒေသထွက် ငါးရံ့ခြောက်

ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အဓိကထားသော တိုင်းတစ်တိုင်းဖြစ်သည်နှင့်အညီ မြစ်ချောင်း၊ အင်းအိုင်ပေါများသောကြောင့် ရေထွက်ပစ္စည်းများဖြစ်သော ငါးပိ၊ ငါးချဉ်၊ ငါးခြောက်များလည်းထွက်သည့်အပြင် ပဲခူးဒေသထွက် ငါးရံ့ခြောက်သည်လည်း ဆားပေါ့၍ အပေါ့ခြောက်ဖြစ်သည့်အတွက် လူကြီး၊ လူငယ်၊ ကလေး၊ သွေးတိုး၊ ဆီးချိုသမားပါမကျန် စားသုံးနိုင်သောကြောင့် လက်ဆောင်ပေးခြင်းအတွက်ကြောင့်သော်လည်းကောင်း၊ ကိုယ်တိုင်စားသုံးရန်အတွက်သော်လည်းကောင်း ဝယ်ယူလျက်ရှိကြသည်။ ငါးရံ့ခြောက်ပြုလုပ်ရာတွင် ငါးရံ့များကို ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်များရှိ ရေချိုအင်း၊ အိုင်များမှ အများဆုံးရရှိလျက်ရှိပြီး ရရှိလာသောငါးရံ့များကို အကြေးထိုး၊ ခေါင်းဖြတ်၊ ဗိုက်ခွဲအူထုတ်ပြီး ခွဲသည့်အခါ ပုံကျအောင် စနစ်တကျခွဲရသည်။ ခွဲပြီးသောငါးရံ့များကို ငါးရံ့အစိမ်း ပိဿာ၁၀၀လျှင် ဆား ၃ပိဿာ ၅၀ကျပ်သားနှုန်းဖြင့်နှပ်ပြီး တစ်ညစိမ်ရကာ နံနက်ရောက်လျှင် ရေစင်အောင်လေးထပ်ခန့်ဆေးပြီး နေလှန်းရသည်။ နေလှန်းသည့်အခါ နွေဆိုလျှင် နှစ်ရက်ခန့်ခြောက်ပြီး ဆောင်းနှင့်မိုးရာသီရောက်လျှင် မီးအပူဖြင့် ကြပ်တင်၍ ခြောက်အောင်လှန်းရသည်။ ငါးရံ့ခြောက်ပြုလုပ်ရာတွင် ငါးရံ့အစိုတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်အထိ အကောင်အကြီး၊ အသေးပေါ်မူတည်၍ ဝယ်ယူရပြီး အဆိုပါ ငါးအစိုတစ်ပိဿာအား ခွဲခြမ်းပြီး နေလှန်းရာတွင် ငါးခြောက်အဖြစ် ၂၅ကျပ်သား၊ ၃၀ ကျပ်သားခန့်ထွက်ရှိသည်။ ငါးရံ့ခြောက်ထုတ်လုပ်သူများအနေဖြင့် ငါးအစိုတစ်ပိဿာကို အခြောက်ပြုလုပ်ရာတွင် ခန့်မှန်းကုန်ကျငွေ ၄၀၀၀၀ကျပ်ဖြစ်ပြီး ငါးရံ့ခြောက်တစ်ပိဿာကို ကျပ် ၇၅၀၀၀မှ ၈၀၀၀၀ကျပ်ဈေးအထိရောင်းချလျက်ရှိသည်။ ဒေသထွက်ငါးရံ့ခြောက်များကို နယ်ဘက်များအပြင် မန္တလေး၊ နေပြည်တော် စသည့်ဒေသများအပြင် အခြားဒေသများသို့လည်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း