သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကယားပြည်နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောပွဲဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ခုနှစ်၊ ဇူလိုင်(၁၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း(၆)ဦးသည် လွိုင်ကော်မြို့နယ်၊ မင်းစုရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ စုစုပေါင်း  (၃၅၀)ဦးကို စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးမိုးညွန်ဦး (ဦးစီးအရာရှိ) က ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး ဒေါ်နော်ကြူကြူ (ဒု-ဦးစီးမှူး)မှ ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးကို အပြည့်အဝနား လည်ပြီး တောင်းဆိုရယူတက်စေရန် စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ၊ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ နေ့စဉ်ဝယ်ယူသုံးစွဲသည့် ကုန်ပစ္စည်းများအပေါ် ပေးထားသော ဝန်ဆောင်မှုများ အပြည့်အဝရရှိစေရေးများကိုလည်းကောင်း၊ TVများတွင် ကလေးများ အတုယူမမှားသင့်သော အလွန်အကြူးချဲ့ကား ကြော်ငြာနေသော ကြော်ငြာများနှင့်ပတ်သက်၍ လည်းကောင်း၊ ကုန်ပစ္စည်း(သို့) ဝန်ဆောင်မှု များ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးဌာနသို့ လူကိုယ်တိုင် ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ ဆက်သွယ်တိုင် ကြားနိုင်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက သိရှိလိုသည့် မေးမြန်းမှုများကို ရှင်းလင်းဖြေကြား၍ အသိပညာပေး လက်ကမ်းစာစောင်များ၊ ဗွီနိုင်းများကို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

ပေါင်မုန့်၊ကိတ်မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေး

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၁)ဦးသည်စားသုံးသူ၏ အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ကုန်အမှတ်တံဆိပ်တွင်ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများ  မြန်မာလိုဖော်ပြရမည့်အချက်အလက်များအား လုပ်ငန်းရှင်များက သိရှိလိုက်နာကြစေရန် ရည်ရွယ်၍ ဇူလိုင်လ ၁၄နေ့တွင် စစ်ကိုင်းမြို့၊ပိုးတန်းရပ်ကွက်ရှိ ရွှေမြင့်မိုရ်ပေါင်မုန့်၊ ကိတ်မုန့် လုပ်ငန်းရှင်နှင့် တွေ့ဆုံပြီး ဆွေးနွေးအသိပညာပေးခဲ့ပါသည်။ 

          မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဉပဒေ (၂၀၁၉)၊ အခန်း(၁၈)တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပါဝင်သော ကုန်စည်၏ တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ထုတ်လုပ်သည့် ရက်စွဲ၊ထုတ်လုပ်မှုအမှတ်စဉ်၊အမည်နှင့်လိပ်စာ၊တည်နေရာ၊ပါဝင်သောပစ္စည်း၊ ဘေးထွက်ဆိုးကျိုး ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊အစိုးရဌာနများအား သတ်မှတ်ထားသော အချက်အလက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ဌာန၏အတည်ပြုချက်ရယူလိုပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)

တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်း‌တင်သည် ခရိုင်အသေးစားလက်မှုလက်မှုဦးစီးဌာန၊ သင်တန်းခန်းမ၌ ဇူလိုင်လ(၆)ရက်နေ့၌ ကျင်းပလျှက်ရှိသည့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း( Bakery) အမှတ်စဉ်(၃/၂၀၂၂)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

                အဆိုပါသင်တန်းသည် စစ်ကိုင်းခရိုင်အတွင်းရှိ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် နှင့်အသေးစားစက်မှု လက်မှုလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့က ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်၉။ဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့က ပြဌာန်းခဲ့ကြောင်း၊ သင်တန်းသားများအနေဖြင့် ဤသင်တန်းကို တက်ရောက်ပြီး မုန့်လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်မည်ဆိုပါက စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက် (၈)ချက်ကို အကျယ်တဝင့် Power Point ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။

             သင်တန်းကာလမှာ ဇူလိုင်လ(၅)ရက်နေ့မှ (၁၁)ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပြီး ပေါင်မုန့်၊ ကိတ်မုန့်နှင့် ကွတ်ကီး အစရှိသော မုန့်မျိုးစုံ (၁၅)မျိုးပြုလုပ်နည်း သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား/ သူ ၂၀ ဦး တက်ရောက်ကြောင်း၊ သင်တန်းသားများမှာ နောင်တချိန်တွင် အစားအသောက်ထုတ်လုပ်သူများ ဖြစ်လာမည်ဖြစ်၍ စားသုံးသူရေးရာကိစ္စများကို ရှင်းလင်းဆွေးနွေးရခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားသုံးဆီနှင့်ပတ်သက်၍ လိုအပ်ချက်နှင့်ဆောင်ရွက်သင့်သည့် အစီအမံများ ပြုစုတင်ပြရေး ကော်မတီညှိနှိုင်း အစည်းအဝေးကျင်းပ

              မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ၁၄.၇.၂၀၂၂ ရက်နေ့ ၁၁:၀၀ နာရီအချိန်တွင် မွန်ပြည်နယ် စားသုံးဆီနှင့်ပတ်သက်၍ လိုအပ်ချက်နှင့်ဆောင်ရွက်သင့်သည့် အစီအမံများ ပြုစုတင်ပြရေး ကော်မတီညှိနှိုင်း အစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မွန်ပြည်နယ် စားသုံးဆီနှင့် စားသောက်ကုန်စည်ရောင်းဝယ်ရေး အသင်းမှ အသင်းဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ စုစုပေါင်း (၁၄) ဦးတက်ရောက်ခဲ့‌ကြောင်း သိရှိရသည်။

           အဆိုပါအစည်းအဝေးတွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းက အစည်းအဝေး ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး၊ မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား‌ရေးမှူးက ပြည်နယ်အတွင်း ဆီထွက်သီးနှံ အမျိုးအစားအလိုက် စိုက်ဧက၊ ထွက်ရှိနှုန်း၊ တစ်ဦးချင်းစားသုံးမှုနှင့် လုံလောက်မှု ရှိ/မရှိနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မွန်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြား‌ရေးမှူးက မွန်ပြည်နယ်အတွင်း စားသုံးဆီနှင့်ပတ်သက်၍လျာထားချက်အပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေအားဆွေးနွေးပြီး၊ မွန်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မွန်ပြည်နယ်အတွင်းမြို့နယ်အလိုက် အရည်အသွေးပြည့်မီသည့် ဆီကြိတ်စက် အရေအတွက်နှင့်ထပ်မံလိုအပ်မည့် ဆီကြိတ်စက်အရေအတွက်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ ထို့နောက် စားသုံးဆီလိုအပ်ချက်နှင့် ဆောင်ရွက်သင့်သည့် အစီအမံများနှင့် ပတ်သက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများမှ ဆွေးနွေးခဲ့ပြီး၊ ဆီထွက်သီးနှံနှင့် ဆီကြိတ်စက်များ လိုအပ်ချက်နှင့် ဆောင်ရွက်သင့်သည့်နည်းလမ်းများအား တက်ရောက်လာသူများမှ ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဘီးလင်းမြို့တွင် Mistine  အလှကုန်ပစ္စည်းများ ကွင်းဆင်းစစ်ဆေး

              မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်မှ ဝန်ထမ်းများသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စျေးကော်မတီဝင်များနှင့် ပူးပေါင်း၍ ဇူလိုင် ၁၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် မင်္ဂလာဈေးရှိ အလှကုန်ပစ္စည်းများရောင်းချလျက်ရှိသော ဆိုင်ခန်း (၇) ဆိုင်အား Better Way (Thailand) Co.,Ltd မှ ထုတ်လုပ်သည့် Mistine အလှကုန် ပစ္စည်းများတွင် Hologram (ရောင်ပြန်) စတစ်ကာနှင့် မြန်မာစာ Labelling ကပ်ထားခြင်း ရှိ/မရှိ စစ်ဆေးရာ Hologram (ရောင်ပြန်) စတစ်ကာနှင့် မြန်မာစာ Labelling ကပ်ထားသော ကုန်ပစ္စည်းများသာရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

DOCA(မွန်)

စားသုံးသူ အခွင့်အရေးနှင့် အာမခံချက်အပေါ် တောင်းဆိုနိုင်မှု

            စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးကို စားသုံးသူအကာ အကွယ်ပေးရေးဥပဒေ (၂၀၁၄ခုနှစ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေ အမှတ်၁၀)ဖြင့် ပထမ အကြိမ်နှင့်စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၉)ဖြင့်  ဒုတိယအကြိမ် ပြင်ဆင်ပြဌာန်းခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေတွင်လည်း စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့ကာ ဆောင်ရွက်လာခဲ့ကြပါသည်။ အာဆီယံစီးပွားရေး အသိုက်အဝန်းလမ်းပြမြေပုံ ၂၀၂၅ (AEC Blue Print ၂၀၂၅) လက်အောက်တွင် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းသည်အရေးပါသောကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေသည့်အတွက်  အာဆီယံ စားသုံးသူကာကွယ်ရေး မဟာဗျူဟာလုပ်ငန်းစီမံချက်(၂၀၁၆-၂၀၂၅)ပါလုပ်ငန်းအစီအစဉ်များကို နှစ်အလိုက်ဦးစားပေးကဏ္ဍများသတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

           မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများစွာဆောင်ရွက်ခြင်းများမှ စားသုံးသူ များအတွက် စားသုံးသူများသိသင့်သည့် အသိပညာများကို အသိပညာပေးဟောပြောပွဲကျင်းပမှု၊ စီးပွားရေးလုပ်ငန်းရှင်များကိုလည်း စီးပွားရေးလုပ်ငန်းရှင်များအား စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ငန်းများဆောင်ရွက်ရာတွင် ဆောင်ရန်/ ရှောင်ရန်တို့ကို အသိပညာပေးဟောပြောပွဲများကို လည်း ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူ ၏အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝန်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း၊ ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည် ချေးငှားပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုပါသည်။

          စားသုံးသူများသည် ကုန်စည်နှင့်ဝန်ဆောင်မှုတို့ကို ဝယ်ယူသုံးစွဲကြရာတွင် အကျိုးရှိရှိ အခွင့်အရေးများရစေရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်တစ်ရပ်ဖြစ်သော စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရန်သည်လည်း စားသုံးသူများကို ပိုမိုအကျိုးဖြစ်စေရန် ကူညီဆောင်ရွက်နေခြင်းဖြစ်ပါသည်။

         စားသုံးသူကာကွယ်ရေးဥပဒေတွင် စားသုံးသူအခွင့်အရေး(၈)ချက်မှာ (၁) စိတ်ကျေနပ်မှုရရှိစေခြင်း၊ (၂) ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ (၃) လိုအပ်သောသတင်းအချက်အလက်များပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့်ပြေစာ၊ အထောက်အထားရယူခွင့်ရှိခြင်း၊ (၄) စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ (၅) နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခွင့်နှင့်တိုင်ကြားခွင့်ရရှိနိုင်ခြင်း၊ (၆) နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ကုစားခွင့်ရရှိခြင်း၊ (၇) အသိပညာဗဟုသုတများ၊အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ (၈) ပစ္စုပွန်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသောလူနေမှုအဆင့်အတန်းနှင့်ပတ်ဝန်းကျင် တွင်နေထိုင်နိုင်ခွင့်ရရှိစေခြင်းစသည့်အခွင့်အရေးများတို့ဖြစ်ပါသည်။

          ကုန်စည်ဆိုသည်မှာ စားသုံးသူကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူများ အတွက်သော်လည်းကောင်း၊ ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ စားသုံးခြင်းပြုသော အရာ ဝတ္ထုကိုဆိုပါကြောင်းနှင့် ငွေရေးကြေးရေးဆိုင်ရာလွှဲပြောင်းနိုင်သော စာချုပ်စာတမ်း၊ အစုရှယ်ယာ၊ ငွေချေးလက်မှတ်၊ ငွေကြေးစသည့်ကိစ္စရပ်များလည်း ပါဝင်ပါသည်။ ဝန်ဆောင်မှုဆိုသည်မှာတော့ လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ ဖြည့်ဆည်းပေးသည့်ဆောင်ရွက်မှုကိုဆိုပါသည်။

          စားသုံးသူအခွင့်အရေးများကို ရယူသုံးစွဲသည့် စားသုံးသူများမှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတို့ကို သုံးစွဲရာတွင် လိမ်လည်လှည့်ဖြားမှုမခံရစေရန်၊ စားသုံးသူအနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတို့ ဝယ်ယူသုံးစွဲရာမှ နစ်နာဆုံးရှုံးမှု ကြုံတွေ့လျင် စားသုံးသူအခွင့်အရေးမှ နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခွင့် တိုင်ကြားခွင့်ရှိသလို ကုန်စည်နှင့်ဝန်ဆောင်မှုအား စီးပွားရေးလုပ်ငန်းရှင်များက အာမခံချက်ပေးထားသော သတင်းအချက်အလက်မပြည့်စုံခြင်းတို့ကို စားသုံးသူက အာမခံချက်အပေါ် တောင်းဆိုနိုင်သည့်အခွင့်အရေးတို့လည်း ရှိပါသည်။

           စားသုံးသူကာကွယ်ရေးဥပဒေ၊အခန်း(၁၁)တွင် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း  ဖော်ပြထားပါသည်။ စီးပွားရေးလုပ်ငန်းရှင်သည် ရောင်းချသည့်ကုန်စည်တွင် သာမန်အားဖြင့် မမြင်နိုင်သော သဘာဝပြောင်းလဲနိုင်မှုနှင့်စပ်လျဉ်းသည့်အချက်အလက်များကို စားသုံးသူအား ထင်ရှားစွာဖော်ပြရန်၊ အချက်အလက်များမှာ စားသုံးသူက လက်ခံသုံးစွဲနိုင်သောအရည်အသွေး ရှိခြင်း၊ ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူ၏လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်း၊ နမူနာပစ္စည်း တွင် ဖော်ပြထားသည့်အတိုင်း တူညီစွာပါရှိခြင်း၊ အာမခံချက်ပေးထားသည့်ကာလ သို့မဟုတ် အသုံးပြု နိုင်မည့်ကာလအတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ ပြန်လည်ပြုပြင်နိုင်ခြင်း သို့မဟုတ် လဲလှယ်နိုင်ခြင်း၊ ကုန်အညွှန်းအမှတ်အသားပါအချက်အလက်၊ ကြော်ငြာ၊ ကမ်းလှမ်းချက် သို့မဟုတ် အရောင်းမြှင့်တင်ခြင်းတွင် ပါဝင်သောဖော်ပြချက်နှင့်ကိုက်ညီမှုရှိခြင်း အာမခံချက်တို့ ဖြစ်ပါသည်။

           သို့ရာတွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက်များတွင် ဖော်ပြရန်အချက်အလက်များ၊ သတင်းအချက်အလက်ပြည့်စုံစွာ ဖော်ပြခြင်း မရှိလျင် စားသုံးသူသည်ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက ပြန်လည် တောင်းဆိုနိုင်သည့်အခွင့်အရေးရှိပါသည်။ ယင်းအချက်များမှာ အာမခံချက်ပေးထားသည့်အတိုင်း ပြန်လည်ပြင်ဆင်လဲလှယ်ပေးရန်၊ အပိုပစ္စည်းမရရှိနိုင်လျှင် ထုတ်လုပ်သူထံမှ ကုန်စည် တန်ဖိုး သို့မဟုတ် ဝယ်ယူသုံးစွဲသည့်ကုန်စည် သို့မဟုတ် မူလအရည်အသွေးအောက် မနိမ့်သော ကုန်စည် ကိုပြန်လည်ရရှိရန်၊ စီးပွားရေးလုပ်ငန်းရှင်ဘက်မှ ချို့ယွင်းချက်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ယင်းကုန်စည်တန်ဖိုးနှင့်ညီမျှသော ကုန်စည်ကိုအစားထိုးလဲလှယ်ပေးရန်၊ ကုန်စည်နှင့်စပ်လျဉ်း သတင်းအချက်အလက်ဖော်ပြရန် ပျက်ကွက်မှုကြောင့်ထိခိုက်နစ်နာမှုရှိခဲ့လျှင် ၎င်းအတွက်လည်း လျော်ကြေးတောင်းခံခွင့်ရရှိရန်တို့ကို တောင်းဆိုနိုင်သည့်အခွင့်အရေးတို့ဖြစ်ပါသည်။

             စီးပွားရေးလုပ်ငန်းရှင်က စားသုံးသူအပေါ် အာမခံချက်ပေးထားပြီး ရောင်းချသည့်ကုန်စည် နှင့်စပ်လျဉ်း၍ စားသုံးသူသည် တောင်းဆိုပိုင်ခွင့်(၃)ချက်ကိုဖော်ပြပေးစေချင်ပါသည်။ ၎င်းမှာ အာမခံချက်နှင့်ညီသောအရည်အသွေးတူကုန်စည်ရရှိရန်၊ ရောင်းချသူမှ ငွေပြန်ပေးရန်၊ ပြင်ဆင်ပေး ရန် သို့မဟုတ် ပြန်လည်လဲလှယ်ပေးရန်နှင့် အာမခံချက်ထားသည့်အတိုင်း အမှန်တကယ်မရရှိပါက လျောကြေးရရှိရန်ကိုလည်း တောင်းဆိုပိုင်ခွင့်ရှိပါသည်။

          စားသုံးသူမှာ ကုန်စည်အပြင် ဝန်ဆောင်မှုကိုလည်း သုံးစွဲပါသည်၊ ၂၀၁၉ခုနှစ် စားသုံးသူ ကာကွယ်ရေးဥပဒေ၊ အခန်း(၁၃)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းကိုလည်း ပုဒ်မ ၂၆ မှာဖော်ပြထားပါသည်။ စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူအပေါ် ဝန်ဆောင်မှုပေးခြင်းနှင့် စပ်လျဉ်းသည့် ဖော်ပြရမည့်အာမခံချက်များတွင် အချက်အလက် (၅)ခုကို ဖော်ပြထားပါသည်။

         စီးပွားရေးလုပ်ငန်းရှင်မှ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်များအချက်အလက်ကို စားသုံးသူသိရှိစေဖို့လို အပ်ပါကြောင်း၊ ၎င်းတို့မှာ (၁)ကြိုတင်အသိပေးခြင်း၊ (၂) မှန်ကန်သော သတင်းအချက်အလက် ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်းနှင့် အညီပြည့်ဝစွာပေးခြင်း၊ (၃) စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီမှုရှိခြင်း၊ (၄)အာမခံထားသောအချိန်ကာလအတွင်း ပြီးမြောက် အောင်ဆောင်ရွက်ပေးခြင်းနှင့်(၅)စားသုံးသူနှင့်သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်း ပေးအပ်စေခြင်း ဖြစ်ပါသည်။

             စီးပွားရေးလုပ်ငန်းရှင်က ပုဒ်မ၂၆အရ  စားသုံးသူအပေါ် အာမခံချက်ပေးထားသည့် ကာလအတိုင်းဝန်ဆောင်မှုမပေးနိုင်လျှင် သို့မဟုတ် ဝန်ဆောင်ပေးရန်ပျက်ကွက်လျင် စားသုံးသူ သည် တောင်းဆိုပိုင်ခွင့်လည်းရှိပါသည်။  ဝန်ဆောင်မှုပေးရန်ပျက်ကွက်လျင် စားသုံးသူ တောင်းဆို ပိုင်ခွင့်မှာ (၁)ဝန်ဆောင်မှုပေးရန်ပျက်ကွက်ခဲ့မှုကြောင့်နစ်နာဆုံးရှုံးမှု ဖြစ်ခဲ့လျင် ယင်းအတွက် လျော်ကြေးပေးရန်၊ (၂)အာမခံထားသော အချိန်ကာလအတွင်း သဘောတူညီထားသော ဝန်ဆောင် မှုကိုမရရှိခဲ့လျင် စားသုံးသူ၏နစ်နာမှုအတွက် ကုစားခွင့်ပေးရန်ဖြင့် တောင်းဆိုပိုင်ခွင့့်ဖြစ်ပါသည်။

         နိဂုံးချုပ်ဆိုသော် စားသုံးသူများမှာ စားသုံးသူ၏အခွင့်အရေးများနှင့်တာဝန်များ၊ အာမခံချက်များနှင့် အာမခံချက်များအပေါ်ပြန်လည် တောင်းဆိုနိုင်သည့်အခွင့်အရေးများသည် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းမှု၊ စားသုံးသူအကျိုးစီးပွားကာကွယ်ရေးလုပ် ဆောင်မှု၊ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သော အသိပညာဗဟုသုတရရှိမှုစသည့် အထောက်အကူဖြစ်စေပါသည်။ ထို့ကြောင့် စားသုံးသူအတွက် စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များမှ စားသုံးသူအခွင့်အရေးများ အပြည့်အဝရှိနိုင်စေရန်၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ တိကျမှန်ကန်ရှင်းလင်းသည့် သတင်းအချက်များဖြန့်ဝေ အသိပေးခြင်းကို ဆောင်ရွက်နိုင်စေရန်ကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(မွန်)

 

စားသုံးသူများအသိပညာပြည်ဝစေရေး ပခုက္ကူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် အသိပညာပေး ဟောပြောဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတွင်ဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်းသို့ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          ခရိုင်ဦးစီးမှူးမှ ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ  စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီမံခန့်ခွဲရေး နည်းလမ်းအရအရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူပြည်သူများအတွက် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေး ၊ ထုတ်ကုန်များလုံခြုံ စိတ်ချမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)အား ဖွင့်လှစ်ထားရှိမှုများ၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်ကုန်အညွှန်း အမှတ်အသားများနှင့်စပ်လျဉ်းသည့် သိရှိရမည့်သတင်းအချက်အလက်များ၊ စားသုံးသူထိခိုက်နစ်နာမှုနှင့် စပ်လျဉ်း၍တိုင်ကြားခြင်းနှင့် ကုစားပေးခဲ့မှုများအကြောင်း၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center အား ဖွင့်လှစ်ထားကြောင်း Power Point ဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် သင်တန်းသူများမှ သိရှိလိုသည်များအား ခရိုင်ဦးစီးမှူးမှ ပြန်လည်ဖြေကြားပေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

 

 

 

ဆိပ်ဖြူမြို့အတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းသည်  စားသုံးသူပြည်သူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ (၁၃.၇.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးနှင့် အနောက်ပိုင်းရပ်ကွက်အတွင်းရှိ စားသောက်ကုန်ရောင်းချသည့် ကုန်စုံဆိုင်(၇)ဆိုင်တို့တွင် မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသည့် အစား အသောက်အမှတ်တံဆိပ်(၁၀)မျိုးအား ရောင်းချခြင်းရှိ/မရှိအား မြို့နယ်စည်ပင်သာယာရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

           ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အစားအသောက်အမှတ်တံဆိပ်(၁၀)မျိုးမှ "ပင်မှည့်" အမှတ်တံဆိပ် မန်ကျည်းယိုအား ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ ကုန်စုံဆိုင်(၁)ဆိုင်တွင် ရောင်းချနေသည်ကို တွေ့ရှိခဲ့ရသဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိမ်းဆည်းခဲ့ပါသည်။

           စားသုံးသူရေးရာဦးစီးဌာနမှ  စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ၏ညွှန်ကြားချက်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်း ဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်(သို့မဟုတ်) အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မဖြစ်မနေ ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်း ကုန်ဆုံးသည့်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေး   ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်စည်ကြောင့် စားသုံးသူအနေဖြင့် ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှု မရှိပါက စားသုံးသူမှတိုင်ကြားနိုင်သည့် အခွင့်အရေးရှိပြီးဌာနနှင့် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီတို့၏ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့်အချက်များအား အသေးစိတ် ရှင်းလင်းဆွေးနွေး ခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

 

ပခုက္ကူမြို့တွင် အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်ခြင်း

             ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၇) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ “အခမ်းအနားမှူး သင်တန်း”ဖွင့်လှစ်ခဲ့ရာ အခမ်းအနားတွင် ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်မှ အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။

         ဆက်လက်၍ သင်တန်းမှူးဦးစီးအရာရှိ ဒေါ်ချိုချိုမာမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့ရာ မိမိတို့ဌာနရည်ရွယ်ချက်ဖြစ်သည့် ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ ပညာပေးရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အခမ်းအနားများကျင်းပရာတွင် အစီအစဉ်ကျစေရန် ဖွင့်လှစ်ရခြင်းဖြစ်ပြီး အခမ်းအနားမှူးများတွင်ရှိရမည့် အဓိကအရည်အချင်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကို သိရှိလိုက်နာဆောင်ရွက်တက်စေရန်နှင့် အခမ်းအနားမှူးကောင်း တစ်ယောက်မှာ “သ” သုံးလုံးကျေရမည်ဖြစ်ကြောင်းများကို သိရှိစေရန် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း‌ ပြောကြားခဲ့ပါသည်။ သင်တန်းကို သင်ကြားပေးရာတွင် သင်တန်းသူများအား ဂရုစိုက်နိုင်စေရေးအတွက် သင်တန်းသူ(၁၁)ဦး ကိုသာ လက်ခံခဲ့ကြောင်း စာတွေ့နှင့်လက်တွေ့ဆောင်ရွက်နိုင်ရန်အတွက် သင်တန်းကာလမှာ(၂)ရက် ဖွင့်လှစ်မည်ဖြစ်ပြီး နံနက်(၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီထိနှင့်နေ့လယ်(၁၃:၀၀)နာရီမှ (၁၄:၀၀)နာရီထိ သင်ကြားပေးသွားမည်ဖြစ်ပါသည်။ အဆိုပါသင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အိမ်တွင်းမှုအသက်မွေးဝမ်းကျောင်းမှ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

 

နန့်စော်လော်ကျေးရွာအတွင်းရှိ စားသုံးသူများအား အသိပညာပေးဟောပြော

                ကချင်ပြည်နယ် ၊စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝဒမ်းခေါင်ဗေးဇီ(အကြီးတန်းစာရေး) သည် ၁၄.၇.၂၀၂၂ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နန့်စော်လော်ကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

         စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ် ၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်း၊ ကုန်စည်ဆိုသည်မှာ စားသုံးသူကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူများအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ သို့မဟုတ် စားသုံးခြင်းပြုသောအရာဝတ္ထုကိုဆိုလိုကြောင်း၊ ယင်းစကားရပ်တွင် ငွေရေးကြေးရေးဆိုင်ရာ လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း၊ အစုရှယ်ယာ၊ ငွေချေးလက်မှတ်၊ ငွေးကြေးစသည့် ကိစ္စရပ်များတွင်လည်းပါဝင်ကြောင်း၊ ဝန်ဆောင်မှုဆိုသည်မှာ လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှု အသွင်ဖြင့် စားသုံးသူ၏လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ ဖြည့်ဆည်းပေးသည့် ဆောင်ရွက်မှုကိုဆိုလိုကြောင်း စသည့်အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ