သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လေးမျက်နှာမြို့နယ် ပီလောပီနံ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် တာဝန်ခံ ဦးအောင်သန်းဌေးသည် (၄.၄.၂၀၂၂)ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် ပိန်းအင်းအုပ်စု၊ ဂွေးချိုကျေးရွာ (ရပ်/ကျေး)အုပ်ချုပ်ရေးမှူးအိမ်တွင် ပီလောပီနံလုပ်ငန်းရှင်(၁၀)ဦးအား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)အကြောင်း၊ အခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အခန်း(၂၃)ပါ တားမြစ်ချက်များအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များအကြောင်း စသည့်တို့ကို ဟောပြောခဲ့ပြီး တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မကွေးမြို့၊ ရန်ပယ်ဈေး၌ စားသုံးဆီလုပ်ငန်းရှင်များအား အသိပညာပေး

          မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုအရ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့ နေ့လည် (၁၃:၃၀)နာရီအချိန်တွင် မကွေးမြို့၊ ရန်ပယ်ဈေး၊ ဈေးတာဝန်ခံရုံး၌ ရန်ပယ် ဈေးတွင်း/ ဈေးပြင် စားသုံးဆီရောင်းချနေသော ဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့် ဟင်းသီးဟင်းရွက်ဆီများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြလာရေး အသိပေးရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ အသိပေးရှင်းလင်းရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုးမှ စားသုံးဆီ ရောင်းချဖြန့်ဖြူးသော လုပ်ငန်းရှင်များအား ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ အရ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး ညွှန်ကြားချက်ကို (၂၀.၁၂.၂၀၂၁)တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ (၆)လပြည့်သည့်နေ့မှစ၍ အရေးယူ ဆောင်ရွက်တော့မည်ဖြစ်ကြောင်း၊ စားသုံးဆီဖြန့်ဖြူးရောင်းချသူများအနေဖြင့်လည်း ယခုချိန်မှစ၍ ပြင်ဆင်ရန်လိုအပ်ပါကြောင်း၊ စားသုံးဆီဖြန့်ဖြူးသော ကုမ္ပဏီများ၏ ကိုယ်စားလှယ်များကိုလည်း အသိပေးရှင်းလင်းခြင်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ အချိန်အတွယ်ဖြင့် ရောင်းချသော ဆီဆိုင်များ အနေဖြင့်လည်း ဘေးအန္တရာယ် ကင်းရှင်းအောင် စတီးအိုး၊ ကြွေအိုး၊ စဉ့်အိုး၊ ပလတ်စတစ်ပုံးများဖြင့် သိုလှောင်ရောင်းချရန်၊ ဈေးကွက်တွင် စားအုံးဆီနှင့် ပဲဆီ၊ နှမ်းဆီကို ရောစပ်၍ ရောင်းချနေခြင်းများ လည်းရှိရာ စားသုံးသူများ ရှင်းရှင်းလင်းလင်း သိစေရန် ရောစပ်မှုအချိုးကို ပွင့်လင်းမြင်သာစွာ ဖော်ပြ ရောင်းချသွားရန် အသေးစိတ် ရှင်းလင်းခဲ့ပြီး စားသုံးဆီရောင်းချသူလုပ်ငန်းရှင်များမှ သိလိုသည်များ မေးမြန်းခဲ့မှုအပေါ် ပြန်လည်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသော လုပ်ငန်းရှင်များ အား (၂၀.၁၂.၂၀၂၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)နှင့် လက်ကမ်း စာစောင်များ ဝေငှခဲ့ပါသည်။

          ဆက်လက်၍ နေ့လည် (၁၄:၀၀)နာရီတွင် မကွေးတိုင်းဒေသကြီးအတွင်း ကိုယ်စားလှယ် ဖြန့်ဖြူး ရောင်းချနေသည့် Cook အမှတ်တံဆိပ် စားသုံးဆီ ဖြန့်ဖြူးရောင်းချသော အရောင်းဆိုင်သို့ သွားရောက်၍   ဟင်းသီး ဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) နှင့်စပ်လျဉ်း၍ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) အား အသိပေးရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

မုံရွာမြို့တွင် တရားမဝင် စက်ဆီ၊ချောဆီများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မတ်လ ၃၁ ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ စက်ဆီ၊ချောဆီများ လက်လီ၊ လက္ကားရောင်းချဖြန့်ဖြူးလျက်ရှိသည့် အရောင်းဆိုင်(၆) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်များအား ဈေးကွက်အတွင်း တရားမဝင် စက်ဆီ၊ ချောဆီနှင့်ဆက်စပ်ရေနံထွက်ပစ္စည်းများဖြန့်ဖြူးရောင်းချခြင်း၊ တရားဝင်လုပ်ငန်းလိုင်စင်ရယူ ၍ ဆောင်ရွက်မှုမရှိခြင်းတို့ကြောင့် နိုင်ငံတော်အတွက် အခွန်အခ များနစ်နာကြောင်း၊ အရည်အသွေး မမှန်သည့် စက်ဆီ၊ချောဆီများရောင်းချမှုကြောင့် စားသုံးသူများအသုံးပြုနေသည့် စက်ကိရိယာများ ပျက်ဆီးထိခိုက်မှုများရှိနိုင်ကြောင်း၊ စားသုံးသူများအတွက် အရည်အသွေးအာမခံချက်ရှိစေရန် စိတ်ချ ယုံကြည်စွာဝယ်ယူသုံးစွဲနိုင်ရန်၊ အတုအပကင်းစင်လျှော့နည်းစေရန်ရည်ရွယ်ကြောင်း ဦးစွာဆွေးနွေး ပြောကြားပါသည်။

       ထို့နောက် အရည်အသွေးအာမခံချက်မရှိခြင်းကြောင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၁)၊ ပုဒ်မ၂၃(က)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်များတွင် စားသုံးသူက လက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်းနှင့် မကိုက်ညီသဖြင့် လုပ်ငန်းရှင်များအနေဖြင့် တရားဝင်လိုင်စင် ရယူဆောင်ရွက် သည့် ကုမ္ပဏီများက တင်သွင်းထုတ်လုပ်ပြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ (PPRD Code No.)ပါ ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချကြရန်နှင့် တရားမဝင်စက်ဆီ၊ချောဆီများ ဈေးကွက် အတွင်းဖြန့်ဖြူးရောင်းချမှုအား စစ်ဆေးတွေ့ရှိရပါက ဥပဒေအရအရေးယူဆောင်ရွက်သွားနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စက်ဆီ၊ချောဆီ၊ အင်ဂျင်ဝိုင်နှင့်ပတ်သက်၍ အတု/အစစ်ခွဲခြားသိရှိနိုင်ရန် အချက်အလက်များပါသော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

                  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်း ဆိုင်(၁၄)ဆိုင်များအား ဟင်းဆီဟင်းရွက်ဆီ (Vegetable Oil, Cooking Oil)နှင့်စပ်လျဉ်း၍ ညွှန်ကြားချက်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လိုက်နာဆောင်ရွက်မှုရှိစေရေး ကွင်းဆင်းစစ်ဆေးဆွေးနွေးခဲ့ပါသည်။

          ထို့သို့ ကွင်းဆင်းစစ်ဆေးဆွေးနွေးရာတွင် စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များအား  ဟင်းဆီ ဟင်းရွက်ဆီ( Vegetable Oil, Cooking Oil)နှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် “ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုးအစားကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရန်(ဥပမာ- ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ(အဆင့်မြင့်စားအုန်းဆီ) နှင့်  ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ရန် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ညွှန်ကြားချက်အားထုတ်ပြန်ခဲ့ကြောင်း၊ ညွှန်ကြားချက်သည် စတင်ထုတ်ပြန်ပြီး ၆ လပြည့် မြောက်ပြီးသည့် ၂၀၂၂ ခုနှစ်၊  ဇွန်လ၂၀ နေ့ရက်မှ စတင်အာဏာသက်ရောက်မည်ဖြစ်ကြောင်းနှင့်  စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များနှင့် စားသုံးသူကာကွယ်ရေး ဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည့်သည့်စီးပွားရေး လုပ်ငန်း ရှင်မဆို ပုဒ်မ၄၁။(ခ)နှင့်(ဆ)တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင် ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက် နှင့် ကြိုတင်သတိ ပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ဖော်ပြရန်နှင့် ထုတ်လုပ်သည့် ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်နှင့်အညီ ဖော်ပြနိုင်စေရန်အတွက်  မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)များနှင့် (၁/၂၀၂၁)များပါရှိသည့် လက်ကမ်းစာစောင်များဖြန့် ဝေခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး တို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် တားမြစ်ချက်များ ၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်လာစေရန် ရည်ရွယ်၍ ဧပြီလ(၆)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ပခုက္ကူမြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းရှင်၊ ပေါင်မုန့်/ကိတ်မုန့် လုပ်ငန်းရှင်များဆီသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          ဒု-ခရိုင်ဦးစီးမှူးမှ ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ် ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက် အတွင်းရှိ  မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ အာမခံချက် ပေးခြင်း၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများ အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ်  ယုံကြည်မှုများရှိလာပြီး အကျိုးစီးပွားများ ပိုမိုရရှိလာ နိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ မြန်မာ နိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စု(က)ရှိ သောက်ရေသန့်အမျိုးမျိုးတွင် မြန်မာဘာသာဖြင့် ထည့်သွင်းရမည့်အချက်များ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေး နည်းလမ်းအရအရေးယူ ခြင်း၊တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းသိရှိလိုက်နာစေရန် ဆွေးနွေးခဲ့ပြီးစီးပွားရေး လုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိ ကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်း အသေးစိတ် ဆွေးနွေးခဲ့ပါသည်။

          စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးမှ ရေသန့်လုပ်ငန်းရှင်အား တွေ့ဆုံ ဆွေးနွေးရာတွင် သောက်ရေသန့်သည် စားသုံးသူများအတွက် မရှိမဖြစ်အရေးပါသော ထုတ်ကုန် တစ်ခုဖြစ်သော ကြောင့်ကုသိုလ်များစွာရရှိပါကြောင်း၊ ရေကို(GMP)Guide Lineနှင့်အညီ ထုတ်လုပ် နိုင်ရန်လည်း အရေးကြီးပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းကြောင့် လုပ်ငန်းရှင်များ၏ အကျိုးစီးပွားများ ပိုမိုဖြစ်ထွန်းလာ နိုင်၍ လိုက်နာ စေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ " PPK " သောက်ရေသန့်လုပ်ငန်းမှ ရေသန့်ဘူးများကို (၂၀)လီတာ၊ (၁) လီတာ၊ နှင့်(၀.၆)လီတာဘူးများ  ထုတ်လုပ်နေသည်ကို တွေ့ရှိရကြောင်း၊ တစ်ရက်လျှင်ဘူး အရေအတွက် (၇၀၀ မှ ၁၀၀၀)ထိ ထုတ်လုပ်ကြောင်း၊ လက်ကားဈေးနှုန်းအနေဖြင့် (၂၀)လီတာ တစ်ဘူးလျှင် (၅၀၀/၆၀၀)ကျပ်၊ (၁)လီတာ(၆)ဘူး တစ်ကဒ်လျှင် (၁၂၀၀)ကျပ်၊ (၀.၆)လီတာ (၁၂)ဘူးတစ်ကဒ် လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့်ရောင်းချကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူဒေသတွင်း နှင့်ဂန့်ဂေါ၊ ဆော၊ ကျောက်ထုဒေသများသို့ ဖြန့်ဖြူးရောင်းချကြောင်း၊ လုပ်သားဦးရေမှာ (၁၄)ဦးခန့် ရှိပြီး လုပ်အားခအနေဖြင့် (၄၀၀၀ မှ ၇၀၀၀)ကျပ်ထိပေးရကြောင်း လုပ်ငန်းရှင် ဦးကျောက်တိုင်၏ ပြောကြားချက်အရသိရှိရပါသည်။

          ဤကဲ့သို့ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး စိတ်ချယုံကြည်ရသည့် ကုန်စည်များရွေးချယ်ဝယ်ယူနိုင်ရေးအတွက် ဒေသတွင်း ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံအသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(မကွေး)

တရားမဝင်အရည်အသွေးနိမ့် စက်ဆီ၊ ချောဆီများ ရောင်းချမှု မရှိစေရေး လုပ်ငန်းရှင်များသို့ အသိပညာပေးဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ဦးစီးမှူး ဦးမျိုးဝင်း(စစ်ဆေးအရာရှိ) နှင့်မကွေးခရိုင်ရုံးမှ  ဝန်ထမ်းများသည် (၆.၄.၂၀၂၂)ရက်နေ့ နံနက်(၀၉:၀၀)နာရီမှ (၁၁:၀၀)နာရီထိ မကွေးမြို့ပေါ်ရှိ မော်တော်ဆိုင်ကယ်နှင့် စပ်ဆက်ပစ္စည်းအရောင်းဆိုင်များ၊ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသော စက်ဆီ/ချောဆီ အရောင်းဆိုင်များသို့ အရည်အသွေးနိမ့် စက်ဆီ/ချောဆီများ ရောင်းချဖြန့်ဖြူးမှုမရှိစေရေး အသိပေးရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဆောင်ရွက်ရာတွင် မော်တော်ဆိုင်ကယ်နှင့် စပ်ဆက်ပစ္စည်းအရောင်းဆိုင်များ၊ စက်ဆီ/ ချောဆီဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် နာမည်ရှိ အမှတ်တံဆိပ်ဖြစ်သည့် (Falcon) အမှတ်တံဆိပ်၊ (Trane)အမှတ်တံဆိပ်၊ (Crocodile)အမှတ်တံဆိပ်များကို ဆင်တူယိုးမှား အတုအပ ပြုလုပ်၍ တရားမဝင် တင်သွင်းဖြန့်ဖြူးရောင်းချလျှက်ရှိရာ အရောင်းဆိုင်များအနေဖြင့် ကုန်ပစ္စည်း အတုအပများအား မှားယွင်းဝယ်ယူ ရောင်းချခြင်းမရှိစေရေး၊ ကုန်ပစ္စည်းအတုနှင့် အစစ်ခွဲခြား သိရှိနိုင်သည့် သတင်းအချက်အလက်များအား ဖြန့်ဝေအသိပေး ရှင်းလင်းခဲ့ပြီး တရားဝင်တင်သွင်း ခွင့် လိုင်စင်ရယူဆောင်ရွက်သည့် ကုမ္ပဏီများမှ တင်သွင်းထုတ်လုပ်သည့် ပစ္စည်းများကိုသာ မှာယူ ရောင်းချသွားရန်နှင့် တရားမဝင်လုပ်ငန်းလိုင်စင်မရှိဘဲ စျေးကွက်အတွင်း အရည်အသွေးနိမ့် စက်ဆီ/ ချောဆီများ ရောင်းချခြင်းဖြင့် နိုင်ငံတော်အတွက်  အခွန်အခများနစ်နာခြင်း၊ စားသုံးသူများ၏ စက်ပစ္စည်းများ အချိန်မတိုင်မီပျက်စီးမှု ဖြစ်ပေါ်စေခြင်း၊ ထို့ကြောင့်တရားမဝင် စက်ဆီ/ချောဆီများ ဆိုင်တင်ရောင်းချခြင်း မပြုလုပ်ကြရန် ဖြန့်ဖြူးရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်ခံရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

စက်မှုဇုန်များသို့ ကွင်းဆင်းမှတ်တမ်းကောက်ယူခဲ့

          ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မိမိတို့ခရိုင်အတွင်းရှိ စက်မှု ဇုန်များတွင် စက်မှုလုပ်ငန်းအမျိုးအစားတစ်ခုချင်းအလိုက် တစ်နှစ်အတွက် စားအုန်းဆီလိုအပ်သည့် ပမာဏစာရင်းနှင့် သုံးစွဲပြီးစားအုန်းဆီများ ပြန်လည်အသုံးချထားရှိမှုအခြေအနေတို့ကို သိရှိနိုင်ရန် အတွက် ၄.၄.၂၀၂၂ ရက်နေ့ နံနက် (၁၀:၃၀) မှ ညနေ (၄:၀၀) အချိန်ထိ စက်မှုဇုန်များသို့ သွားရောက် လေ့လာ၍ မှတ်တမ်းများကောက်ယူခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဒေါပုံမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁.၄.၂၀၂၂ ရက်နေ့ နံနက်(၁၀:၃၀) အချိန်တွင် ဒေါပုံမြို့နယ်အတွင်းရှိဆေးဆိုင်များသို့ သွားရောက်၍ ဈေးနှုန်းစုံး စမ်းကြပ်မတ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဆေးဆိုင်များသည် ဆေးဝါးများကို ဗိုလ်ချုပ်ဈေးသစ်နှင့် ရွှေပြည့်စုံဈေးများမှ အများဆုံး ဝယ်ယူရောင်းချခြင်းဖြစ်သော်လည်း အချို့သော ဆေးဝါးများမှာ ဆေးကုမ္ပဏီများမှ တိုက်ရိုက်လာ ရောက်ပို့ဆောင်ခြင်းများရှိသောကြောင့် ဆေးဝါးဈေးနှုန်းများမှာ သင့်တင့်သောဈေးနှုန်းဖြင့်သာ  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ဆက်လက်၍ ဆေးဆိုင်များမှ တာဝန်ရှိသူများကို စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသည့် ဆေးနှင့် ဆေး ပစ္စည်းများသာ ရောင်းချရန်၊ ဆရာဝန်ညွှန်ကြားချက်မပါသော၊ သက်တမ်းလွန်သော၊ သက် ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရရှိသော ဆေးဝါးများ၊ စပ်ဆေးများရောင်းချခြင်းမပြုရန်၊ Mask များ၊ အရက်ပြန်များ၊ Handgel များကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ယင်းကဲ့သို့ပစ္စည်းများအား စစ်ဆေးတွေ့ရှိရပါက အရေးကြီးကုန်စည်ဥပဒေအရ အ‌ရေးယူခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

မြိတ်မြို့၊ မုန့်တိုက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် ပတ်သက်၍ အသိပညာပေးကွင်းဆင်းစစ်ဆေး

         တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ ထားဝယ်ကမ်းရပ်၊ ပတ္တမြားလမ်းရှိ Julia မုန့်တိုက်သို့ ၂၀၂၂ခုနှစ်၊ ဧပြီလ(၅) ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် သွားရောက်၍ မုန့်တိုက်လုပ်ငန်းရှင်နှင့် မုန့်ဆိုင်ဝန်ထမ်း များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

         ကွင်းဆင်းစစ်ဆေးအသိပညာပေးရာတွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြိတ်မြို့၊ ထားဝယ်ကမ်းရပ်၊ ပတ္တမြားလမ်းရှိ Juliaမုန့်တိုက်ရှိ ထုတ်ကုန်များအား ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်နိုင်မှု ၊စားသုံးသူဥပဒေပါကုန်အညွှန်းအမှတ်အသားအချက်အလက် များပြည့်စုံစွာပါရှိမှု၊ သက်ဆိုင်ရာထောက်ခံချက်နှင့် သက်တမ်းကုန်ဆုံးမည့်ရက်များပါဝင်မှုအား စစ်ဆေးခဲ့ပြီး ထုတ်ကုန်များပိုမိုစိတ်ချမှုရှိစေရန် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်အချက်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်များ၏ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်အား မူပိုင်ခွင့်ဦးစီးဌာနတွင် လျောက်ထားနိုင်ပြီဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည့်အပြင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များအား အခြားလုပ်ငန်းရှင်များသို့မျှဝေနိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

မြောင်းမြမြို့နယ်၌ စားသုံးသူ အသိပညာပေးဟောပြော

          စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့နယ်တာဝန်ခံဦးလှထွဋ်ဦးသည် ၂၀၂၂ခုနှစ်၊ ဧပြီလ(၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က မြောင်းမြမြို့နယ်တောင်ဒီးကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာဘုန်းကြီးကျောင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

          ထိုသို့ ဟောပြောဆွေးနွေးရာတွင် မြောင်းမြမြို့နယ် တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) ပြဌာန်းချက်ပါ စားသုံးသူ၏အခွင့်အရေးများနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီသောကုန်စည်များအား စိစစ်ရောင်းချရန်၊ ကုန်ပစ္စည်းများရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ စစ်ဆေးဝယ်ယူရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များ၊ အရေးယူဆောင်ရွက်မှုများ၊ ပြစ်မှုပြစ်ဒဏ်များ ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပြီး တက်ရောက်လာသောကျေးရွာသားများမှ သိရှိလိုသည်များမေးမြန်းမှုအား ပြန်လည်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ