HighLight News

Powered by Drupal

အင်္ဂပူမြို့နယ် ထူးကြီးမြို့တွင် စားသုံးသူကာကွယ်ရေး ပြည်သူအသိပညာပေးဟောပြော

          စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၅.၄.၂၀၂၆) ရက်နေ့ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အင်္ဂပူမြို့နယ် ထူးကြီးမြို့ အမှတ်(၅)ရပ်ကွက်ရှိ ဓမ္မာရုံ၌ ပြည်သူ (၇၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

        ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဒေါ်ယဉ်ယဉ်ထွန်းက စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းအကျဉ်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့်ပြန်လည် ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
          ထို့နောက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ် ပါကဆက်သွယ်တိုင်ကြားနိုင်သော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ
(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း ကိုလည်းကောင်း စသည်တို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဖက်သောင်ကျေးရွာရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စီးပွားရေးလုပ်ငန်းရှင်တာဝန်များ အသိပညာပေး

         စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် ၂၀၂၆ ခုနှစ် ဧပြီလ ၅ ရက်နေ့  နံနက် (၁၀:၃၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ဖက်သောင်ကျေးရွာရှိ စာကြည့်တိုက်၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များအကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ရောင်းဝယ်မှုပြုလုပ်နိုင်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက  ၂၀၁၅ခုနှစ် စားသုံးသူကာကွယ်ရေး ဥပ‌ဒေပါ အခန်း ၁၀ ပုဒ်မ ၂၁ တွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များနှင့် စားသုံးသူများအသုံးပြုမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိ စေရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့်လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးဆွေးနွေးခြင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁) နှင့် အညီ လိုက်နာဆောင်ရွက်ရန်အချက်များ၊ လုပ်ငန်းရှင်များအနေဖြင့်သက် ဆိုင်ရာဌာန၏ထောက်ခံချက်ရရှိပြီးသော ကုန်စည်များကိုသာ ဈေးကွက်အတွင်းထုတ်လုပ်ရောင်းချရန်နှင့် စားအုန်းဆီများသိုလှောင်ဖြန့်ဖြူးမှုရောင်းချမှုနှင့် ပတ်သက်၍လည်း ဒေသအရောက် ဈေးနှုန်းများအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ဆောင်ခစရိတ်အပြင် ၂% အမြတ်ဖြင့်သာ ရောင်းချရမည်ဖြစ်ကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး၊ စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

 “ရွှေတိုး”ငှက်ပျောကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍   MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၅.၄.၂၀၂၆)ရက်နေ့နံနက် (၀၉:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ညောင်ပင်ဈေးရပ်ကွက်၊ ညောင်ပင်ဈေး(၅)လမ်းရှိ “ရွှေတိုး” အမှတ်တံဆိပ် ငှက်ပျောကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်း၊ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မိမိတို့ ထုတ်လုပ်လျက်ရှိသောလုပ်ငန်းတွင် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်နိုင်ရေး၊ လုပ်ငန်းလုပ်ကိုင်ရာတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းစေရေးတို့ကို အလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဈေးကွက်မရောက်မီ ကုန်စည်များသိုလှောင်ထားရှိမှု၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင် ထုတ်လုပ်နိုင်ရေးဆောင် ရွက်ရန်လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်းလိုက်နာ ဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးကုသရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၇.၄.၂၀၂၆)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင်  မော်ကျွန်းမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ပတ်သက်၍ ပြည့်စုံမှုရှိမရှိကို နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှမြို့မဈေးအတွင်းရှိ ရောင်းချနေသော ကုန်မျိုးစုံဆိုင်များမှ ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသားပြည်စုံမှုရှိ/ မရှိစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ၂၀၁၉ ပါဥပဒေပြဌာန်းချက်များမှ ဥပဒေအခန်း အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကိုလည်း စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားမည်ဟု ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမတွင် စားသုံးဆီလက်လီ၊ လက္ကားအရောင်းဆိုင်ပိုင်ရှင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး တွေ့ဆုံရှင်းလင်းဆွေးနွေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် စားသုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဌ၊ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၆.၄.၂၀၂၆) ရက်နေ့ မွန်းလွှဲ(၁၅း၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးနဒီခန်းမတွင် စားသုံးဆီ လက်လီ၊ လက္ကားအရောင်းဆိုင်ပိုင်ရှင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး တွေ့ဆုံရှင်းလင်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံမှ တက်ရောက်လာသော  စားသုံးဆီ လက်လီ/လက္ကားရောင်းချနေသူလုပ်ငန်းရှင်များအား ခရိုင်/မြို့နယ်အတွင်းလက်ရှိဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းမြင့်မားခြင်းနှင့် ပတ်သက်၍ စားသုံးဆီရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြုလုပ်ကြရန်၊ စားသုံးသူပြည်သူများအား ထင်ယောင်ထင်မှားဖြစ်စေပြီး ရောနှောရောင်းချခြင်းမျိုးမပြုလုပ်ကြရန်၊ သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာရောင်းချကြရန် ကုန်အမှတ်တံဆိပ်အလိုက် ဆီအမျိုးအစား ကွဲပြားခြားနားမှုကို စားသုံးသူပြည်သူများအား ရှင်းလင်းပြောကြား၍ ရောင်းချပေးရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များမှ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသော စားသုံးဆီလုပ်ငန်းရှင်များမှ သိရှိလိုသည့်မေးမြန်းချက်များအား မြို့နယ်တာဝန်ခံမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ စားသုံးဆီလုပ်ငန်းရှင်(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံ၊ မုန့်မျိုးစုံနှင့် အလှကုန်ရောင်းချသည့်  လုပ်ငန်းရှင်များအား စားသုံးသူသိပညာပေးဟောပြောဆွေးနွေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၆.၄.၂၀၂၆)ရက်နေ့ ညနေ(၁၆း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံရုံးတွင် ကုန်မျိုးစုံ၊ မုန့်မျိုးစုံနှင့်အလှကုန်ရောင်းချသောလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံမှ တက်ရောက်လာသောကုန်မျိုးစုံ၊ မုန့်မျိုးစုံနှင့် အလှကုန်ရောင်းချသောလုပ်ငန်းရှင်များအား   မိတ်ဆက်စကားပြောကြားပြီး၊ ဌာန၏လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားခဲ့ပါသည်၊ ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းအမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပုဒ်မ-၄၃ ပါမည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထက်ဌာနများမှထုတ်ပြန်ထားသော ဥပဒေ  ညွှန်ကြားချက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး၊ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် သိရှိလိုသည့်မေးမြန်းချက်များအား ပြန်လည်ဆွေးနွေးရှင်းလင်းခဲ့ပါသည်။ ဟောပြောပွဲသို့ ကုန်မျိုးစုံ၊ မုန့်မျိုးစုံနှင့် အလှကုန်ရောင်းချသော လုပ်ငန်းရှင် (၆၈)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk  Show   ပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၆.၄.၂၀၂၆)ရက်နေ့ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန၊ Community Centre  ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ အခန်း(၆)ပါ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်(၁၁) ချက်အား စားသုံးသူပြည်သူများ သိရှိနိုင်ရန်အတွက် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဥပဒေပါအချက်အလက်များ သိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ www.doca.gov.mmwebsite တွင်လည်း ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါကြောင်းစားသုံးသူများ နစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ရေကြည်မြို့နယ်တွင် စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်း အရေအတွက်အတိုင်း ရောင်းချခြင်း ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချရာတွင် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဝယ်ယူရရှိနိုင်ရေး ဈေးနှုန်းကြီးမြင့်မှု့မရှိစေရန် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှု့ရှိစေရေးအတွက် မြို့နယ်စားအုန်းဆီ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များမှ (၄.၄.၂၀၂၆) ရက်နေ့တွင် မြေပြင်ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းရာတွင် ရေကြည်မြို့နယ် ကျားချောင်ကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာရှိ အိမ်ထောင်စုများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှု့ရှိ/ မရှိ၊ အလေးချိန် အကြိမ်အရေအတွက် မှန်ကန်မှု့ရှိ/ မရှိ၊ ကျေးလက်နေပြည်သူများ သတ်မှတ်ရက်များတွင် ဆီရရှိမှု့အခြေအနေများ ကွင်းဆင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကျိုက်လတ်မြို့နယ် ပြန်ဆက်ရုံးတွင် ဖွင့်လှစ်သည့်စာဖတ်ဝိုင်းတွင် အသိပညာပေးဟောပြောခြင်း

          ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့် စာဖတ်ဝိုင်းတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စာဖတ်ဝိုင်းအတွင်း တက်ရောက်သည့် ကျောင်းသားများအား အသိပညာပေးဟောပြောခဲ့ပါသည်။

          ထိုသို့ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက စားသုံးသူများလုံခြုံ စိတ်ချမှုရရှိစေရန် မျှော်မှန်းချက်ထားရှိပြီး ရည်မှန်းချက်အနေဖြင့် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ကာကွယ်ရေးဆောင်ရွက်ရန်၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက်ရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသနလုပ်ငန်းများဖွင့်ဖြိုးတိုးတက်ရန် စသည့်ရည်မှန်းချက်(၃) ရပ် ထားရှိပါသည်။ ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေး ဥပဒေကို ဆောင်ရွက်လျက်ရှိပါသည်။

          ကုန်စည်နှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်(၈)ချက်နှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရပါမည်။ (၁) ကုန်စည်တံဆိပ်အမှတ်အသား၊ (၂)ကုန်စည်၏အမျိုးအမည်၊ (၃)ထုတ် လုပ်သည့်ရက်စွဲ သက်တမ်းကုန်ဆုံသည့်ရက်စွဲ၊ (၄)ပြည်ပမှတင်သွင်းလာသောကုန်စည်ဖြစ်ပါက တင်သွင်းသူအမည် လိပ်စာ၊ လုပ်ငန်းအမည် လိပ်စာ (၅) ထုတ်လုပ်သည့်နေရာ (၆) ကုန်စည်တွင်ပါရှိသော ကုန်းကြမ်းပစ္စည်းအမျိုးအမည်နှင့် ပစ္စည်း၏ ပမာဏပါဝင်မှုအချိုးအစား (၇) ကျန်းမာရေးဆိုင်ရာဘေး ထွက်ဆိုးကျိုး (သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက် (၈) သက်ဆိုင်ရာအစိုးရဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

“မဟာစံ” ငါးနှပ်ခြောက်ကင်လုပ်ငန်းအား MSMEလုပ်ငန်းဖွံဖြိုးတိုးတက်စေရေး ကွင်းဆင်းစိစစ်ခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့(၁၀)ရပ်ကွက် ၆ လမ်းအတွင်းရှိ ဦးသက်နိုင် ပိုင်ဆိုင်သော“မဟာစံ”ငါးနှပ်ခြောက်ကင်လုပ်ငန်းအား စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၆.၄.၂၀၂၆) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ကုန်စည်များအားစားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ကုန်ပစ္စည်း အမှတ်တံဆိပ်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊  အလေးချိန်ဖော်ပြထားရှိမှု(ကျပ်သား)၊သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပြည့်စုံစွာပါဝင်မှုရှိ/ မရှိ၊ ထားသိုသိမ်းဆည်းပုံအညွှန်းများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိတို့ကို ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။ ထို့နောက်ဒု-ခရိုင်ဦးစီးမှူးမှရောင်းချနေသော“မဟာစံ”ငါးနှပ်ခြောက်လုပ်ငန်းအားကုန်အညွှန်းအမှတ် အသားပြည့်စုံစွာဖော်ပြရန်နှင့် ဈေးနှုန်းဈေးကွက်အခြေအနေ တွက်ချေကိုက်မှု အခြေအနေများအား ဆွေးနွေးခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News