HighLight News

Powered by Drupal

မြို့သစ်မြို့နယ်၌ သောက်ရေသန့်ထုတ်လုပ်ရောင်းချသော ရေသန့်စက်ရုံများ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မြို့သစ်မြို့  မြို့နယ်တာဝန်ခံ ဦးဆယ်မောင် (ဒု-ဦးစီးမှူး)သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်းပြီး (၁၀-၂-၂၀၂၃)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြို့သစ်မြို့နယ်ရှိ  "ပန်းချယ်ရီ၊ ကသစ်ပန်းနှင့် သိဒ္ဓိလင်း"အမှတ်တံဆိပ် သောက်ရေသန့်လုပ်ငန်းရှင်များထံသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါဝင်မှုရှိ/မရှိနှင့် လုပ်ငန်းလိုင်စင်ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့သစ်မြို့နယ်တာဝန်ခံ ဦးဆယ်မောင်က သောက်ရေသန့်ကုန်အမှတ်တံဆိပ်များတွင်  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ လမ်းညွှန်ချက်အမှတ်( ၂/၂၀၁၉)၌ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းများကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အပြင် သောက်ရေသန့်ဖြစ်သည့်အတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ထောက်ခံချက်ကိုလည်း ရယူထားရန်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကလည်း လုပ်ငန်းလိုင်စင်များလျှောက်ထားကြရန် အသီးသီး အသိပေးရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ရေသန့်လုပ်ငန်းရှင်(၃)ဦးအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး

  မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၂၂-၂-၂၀၂၃) ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင်  မကွေးမြို့အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးမှုလုပ်ငန်းများကိုး ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါအခမ်းအနားတွင် မကွေးမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း Civil ဌာနမှူး ဒေါ်မာမာက အဖွင့်အမှာစကားပြောကြားပြီးနောက် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်အေးအေးမိုးက ဌာန၏သမိုင်းအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်စန္ဒာစိုးလွင်က စားသုံးသူအခွင့်အရေးနှင့် CICCတိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူလိုက်နာရမည့် တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အကြောင်းအရာများအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ဆွေးနွေးဟောပြောခဲ့မှုများအပေါ် ခြုံငုံ၍ စားသုံး/ထုတ်လုံတာဝန်ခံအရာရှိ ဒေါ်အေးမဉ္ဇူခိုင်က အနှစ်ချုပ်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများ၏ သိလိုသည်များမေးမြန်းခဲ့မှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထို့နောက် မကွေးမြို့အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း Civil ဌာနမှူးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ဆရာ/ဆရာမ(၁၅)ဦး၊ ကျောင်းသား/ ကျောင်းသူ(၄၃၀)ဦးတို့ တက်ရောက်ခဲ့ကြကာ၊ တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဝေငှပြီး ကျောင်းစာကြည့်တိုက်တွင်ထားရှိနိုင်ရန်အတွက် ဥပဒေစာအုပ်များ ပေးအပ်ခဲ့ပါသည်။

    စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးများရရှိလာစေရေးနှင့် မိမိတို့လိုက်နာရမည့်တာဝန်များကို သိရှိလိုက်နာစေရေး၊   မိမိတို့နစ်နာဆုံးရှံးမှုများအပါ် တိုင်ကြားနိုင်သည့် အခွင့်အလမ်းများရရှိစေရေး အသိပညာပေးဆွေးနွေးဟောပြောပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ  မကွေးတက္ကသိုလ်၌ (၇-၂-၂၀၂၃)ရက်နေ့တွင်လည်းကောင်း၊ ပွင့်ဖြူမြို့ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ (၁၄-၂-၂၀၂၃)ရက်နေ့တွင်လည်းကောင်း တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများက စားသုံးသူအသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

 

ပခုက္ကူခရိုင်တွင် စီးပွားရေးလုပ်ငန်းရှင်များ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြနိုင်ရေး သွားရောက်တွေ့ဆုံ ဆောင်ရွက်ပေးလျက်ရှိ

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး/ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုး၊ ဒုခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများသည် (၂၁-၂-၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ဒေသတွင်းထုတ်လုပ်လျက်ရှိသော ပဲခွေကြော်၊ ကြက်သွန်ကြော်၊ အသားတုကြော်၊ ဆန်ချောင်းကြော်၊ အာလူးကြော်၊ ကွတ်ကီးမုန့် စသည့် မုန့်မျိုးစုံထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်(၄)ဦးထံသို့သွားရောက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါပြဋ္ဌာန်းချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး မိမိတို့လုပ်ငန်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် အကျိုးစီးပွားအောင်မြင်ဖြစ်ထွန်းစေရန်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။

       ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးက ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူမှုများ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်(၂/၂၀၁၉)ပါကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များကို ရှင်းလင်း၍ လုပ်ငန်းရှင်များကလည်း မိမိတို့ထုတ်လုပ်သောကုန်စည်အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီသည့် ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    ဆက်လက်၍ ဒုခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက ဆွေးနွေးရာတွင် လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများက စားသောက်ကုန်တစ်ခုခုကို ရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှုမှာ အရေးကြီးသောအခန်းကဏ္ဍတွင် ရှိကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံ မှုမရှိသောထုတ်ကုန်များအား ဈေးကွက်အတွင်းမှ လျော့နည်းပပျောက်သွားစေရန် စားသုံးသူကာကွယ်ရေးဥပဒေအရ စောင့်ကြည့်စစ်ဆေးအရေးယူသွားမည်ဖြစ်သောကြောင့် တိကျစွာလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

        ဆက်လက်၍ "ပြည်ချစ်"နှင့် "လမင်း" ကြက်သွန်ကြော်လုပ်ငန်းတွင် ကြက်သွန်ကြော်ပြုလုပ်ဆောင်ရွက်ပုံများကိုမေးမြန်းရာ ကြက်သွန်နီများကိုကြိတ်၍ ကော်မှုန့်ဖြင့် အရည်ဖျော်ရ ကြောင်း၊ ကြက်သွန်တစ်ပိဿာခွဲဆိုလျှင် ကော်မှုန့်(၁၅)ပိဿာခန့်ထည့်၍ အရည်ဖျော်ပြီး ပေါင်းဖိုတွင် ဗန်းများဖြင့် အဆင့်လိုက်တင်၍ တစ်နာရီခန့်ပေါင်းရကြောင်း၊ ပေါင်းပြီး ရရှိသောမုန့်သားများအား အချိန်တစ်ည တန်းပစ်၍လှန်းထားရကြောင်း သိရှိရပါသည်။

   မနက်ရောက်သည့်အခါ တန်းပစ်လှန်းထားသောမုန့်သားများကို လက်ဖြင့်(သို့)စက်ဖြင့် လိုသလိုအနေအထားကိုက်ယူခြင်း၊ ဖြတ်တောက်ခြင်းများပြုလုပ်၍ နေပူလှန်းရကြောင်း၊ နေပူလှန်းပြီး ခြောက်သွားသောမုန့်ခြောက်များကို ဆီဖြင့်ကြော်၍ အထုပ်များထုတ်ပြီး ရောင်းချကြကြောင်း၊ မိသားစုဝင်များ တစ်နိုင်တစ်ပိုင်လုပ်ကိုင်ဆောင်ရွက်ရောင်းချလျက်ရှိရာ လက်ကားအနေဖြင့် အထုပ်သေးတစ်ထုပ်လျှင် (၇၆)ကျပ်ရှိပြီး၊ (၂၅)ထုပ်တွဲ တစ်တွဲလျှင် (၁၉၀၀) ကျပ်ပေးရကြောင်း၊ လက်လီတစ်ထုပ်လျှင် (၁၀၀)ကျပ်ပေးရကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူမြို့တွင်းသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

ဒေးဒရဲမြို့နယ် ဘုရားကလေးကွင်းကျေးရွာ အ-လ-က ခွဲ ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ  ဦးသိန်းမောင်သည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကို စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။

     ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားနိုင်မှုအခြေအနေများ၊ ရွေးချယ်စားသုံးသင့်သည့်အစားအစာများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီးနောက် ကျောင်းအုပ်ဆရာမကြီးအား စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များပေးအပ်ခဲ့ပါကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ကျောင်းသား/သူ(၁၅၆)ဦး၊ ဆရာ/ဆရာမ(၉)ဦး၊ စုစုပေါင်း (၁၆၅)ဦး တက်‌ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့မြို့နယ်တာဝန်ခံသည် (၁၆-၂-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် လမ်းမတော်မြောက်ရပ်ကွက်ရှိ စတိုးဆိုင်များနှင့် အိမ်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံက စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီးနောက် တရားမဝင်ကုန်စည်များကို တင်သွင်းရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးနှင့်ပြည့်မီသောာ ကုန်စည်များကိုသာ ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ စသည်တို့ကို သိရှိနားလည်စေရန် အသိပညာပေးဆွေးနွေးခဲ့ကာ ကုန်မျိုးစုံအရောင်းဆိုင်(၂)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

လေးမျက်နှာမြို့ ဆေးဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၊ မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးသည် ကျန်းမားရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာဦးစီးဌာန၊ ရဲတပ်ဖွဲ့တို့နှင့်အတူပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၇) ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် အမှတ်(၁)ရပ်ကွက်ရှိ ဆေးမျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံက စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသောဆေးဝါးများသည် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်းပြည့်မီခြင်း၊ မှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါးများ ရောင်းချခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီးနောက် တရားမဝင်ဆေးဝါးများာကိုး တင်သွင်းရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ စသည်တို့ကို သိရှိနားလည်စေရန် အသိပညာပေးဆွေးနွေးခဲ့ကာ ဆေးဆိုင်(၂)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊  ဟင်္သာတမြို့၊ မြို့နယ်တာဝန်ခံသည် (၁၇-၂-၂၀၂၃) ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင် နတ်မော်ကျေးရွာ၊ နတ်မော် အ-ထ-က ကျောင်းမုန့်ဈေးတန်းအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

    ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်း ရောင်းချနေသောမြန်မာလက်လုပ်မုန့်များ သန့်ရှင်းလက်ဆက်မှုရှိစေရေးနှင့် လေဖောင်းမုန့်များ၊ ဖျော်ရည်ဗူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအရ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြပါရှိသည့် ကုန်ပစ္စည်းကိုသာ စားသုံးသူများလက်ဝယ်အရောက် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဖြန့်ဖြူးရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် စားသုံးသူရေးရာဦးစီးဌာနက ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်းတို့ကို သိရှိနားလည်စေရန် အသိပညာပေး ဆွေးနွေးခဲ့ကာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

သောက်ရေသန့်လုပ်ငန်းရှင်များအားစားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးမြင့်အောင်သည် (၁၆-၂-၂၀၂၃)ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင်  အမှတ်(၄)ရပ်ကွက်ရှိ "PSK" သောက်ရေသန့်လုပ်ငန်းရှင်အိမ်၌ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       ဟောပြောပွဲတွင် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ  စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် စီးပွားရေးလုပ်ငန်းရှင်အနေဖြင့်လည်း မိမိတို့ကုန်စည်အပေါ် ပေးအပ်ရမည့်အာမခံချက်နှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဦးစားပေးဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေ့သည့် လှုပ်ရှားမှုအခန်းကဏ္ဍများ၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများဖွင့်လှစ်ထားရှိမှုအခြေအနေတို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကလည်း သိရှိလိုသည်များကိုမေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

ကယားပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများ အကောင်အထည်ဖော်ရေး အစည်းအဝေး(၁/၂၀၂၃) နှင့် စိုက်ပျိုးရေးမွေးမြူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

      ကယားပြည်နယ်၊ နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများကို အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ ပြည်နယ်ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီအစည်းအဝေး(၁/၂၀၂၃)နှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကယားပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ဒု-ညွှန်ကြားရေးမှူး ဦးမြင့်အောင်အပါအဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ များတက်ရောက်ခဲ့ကြပါသည်။

    ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကယားပြည်နယ်အတွက် မတည်ထောက်ပံ့ငွေ(၁၀)ဘီလီယံဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အတွက် အမှန်တကယ်အကျိုးရှိပြီး ကျေးရွာလူထုကိုယ်တိုင်ပါဝင်သည့် ဒေသနှင့်ကိုက်ညီသောစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသောကုန်ထုတ်လုပ်ငန်းများကို လျာထားသတ်မှတ်ချက်များထက်ကျော်လွန်အောင် ဒေသနှင့်ကိုက်ညီသည့်နည်းလမ်းများဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနအသီးသီးက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏အဓိကလိုအပ်ချက်များကို စဉ်ဆက်မပြတ်ဖြည့်ဆည်းပေးနိုင်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်ပေးပြီး လုပ်ငန်းအောင်မြင်မှုအခြေအနေများကို လေ့လာဆန်းစစ်နေရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

       ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက တတိယအကြိမ် ချေးငွေအဆိုပြုချက်များအပေါ်  စိစစ်ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊  လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာများ သို့ကွင်းဆင်းခဲ့စဉ်  ပြည်သူများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများကစိစစ်ပြီး ပြန်လည်တင်ပြလာခြင်းများအားလည်းကောင်း၊ ဌာနဆိုင်ရာအသီးသီးက စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေသည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများအားလည်းကောင်း  ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကယား)

စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

         စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၂၁-၂-၂၀၂၃ ရက်နေ့ မွန်းလွဲ ၁၃:၀၀ နာရီအချိန်တွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ဗန်းမော်မြို့အတွင်း  ပဲငပိကြော်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအရ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်(၈)ချက်နှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွား‌ရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွား‌‌ရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းတို့ကို ရှောင်ကြဉ်ခြင်းစသည့် စီးပွားရေးလုပ်ငန်းရှင်များအတွက် မဖြစ်မနေလိုက်နာဆောင်ရွက်ရမည့်တာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ရာ ခရိုင်ဦးစီးမှူးက ပြန်လည်ဖြေကြားဆွေးနွေးကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - HighLight News