အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး ကျောင်းမုန့်ဈေးတန်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး အသိပညာပေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်သောဝန်ထမ်းများအဖွဲ့သည် (၉.၁၀.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဖိတ်ကြားချက်အရ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ပခုက္ကူမြို့ အ.ထ.က(၁)၊ အ.ထ.က(၅)၊ အ.လ.က(၃) စာသင်ကျောင်းများရှိ ကျောင်းမုန့်ဈေးတန်းများ၌ မုန့်မျိုးစုံနှင့် အစားအသောက်များကို စားသုံးရန် သင့်/ မသင့်နှင့် တားမြစ်ထားသော အစားအသောက်များရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်အောင်က ကျောင်းမုန့်ဈေးတန်းများစစ်ဆေးခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများက ကျောင်းသား/ ကျောင်းသူများ၏ ကျန်းမာရေးဘေးကင်းလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးမှုများ၊ အသိပညာပေးလုပ်ငန်းများ ပြုလုပ်လျက်ရှိကြောင်း၊ ရောင်းချနေသော အစားအသောက်များ ဘေးကင်းလုံခြုံစေရန် လိုအပ်ကြောင်း၊ သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချခြင်းမရှိစေရန် သတိထား၍ ရောင်းချစေလိုကြောင်း ကျောင်းမုန့်ဈေးတန်းရောင်းချသော ဆိုင်ရှင်များအား ပြောကြားခဲ့ကြောင်း သိရပါသည်။

        စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က အခြေခံပညာကျောင်းများတွင် ရောင်းချနေသော အသင့်စားမုန့်များကို စစ်ဆေးဆောင်ရွက်ရန်လိုအပ်သဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို စစ်ဆေးခြင်းဖြစ်ကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် စားသောက်ကုန်ပစ္စည်းများ ဖြစ်ရန်လိုအပ်ကြောင်း၊ အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသည့် ဓာတုဆိုးဆေးများကိုအသုံးမပြုရန်နှင့် ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံသောမုန့်များ၊ ဒေသထွက်မုန့်များ၊ သီးနှံများရောင်းချစေလိုကြောင်း၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/ မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြထားရှိသော ကုန်စည်များ ကိုသာ ရောင်းချရန်လိုအပ်ကြောင်း ကွင်းဆင်းစစ်ဆေးအသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)