
ကရင်ပြည်နယ်ဒေသအတွင်း စားသုံးသူပြည်သူများ စားသုံးမှုအတွက် အဓိက လိုအပ်ချက် ဖြစ်သော ကြက်သွန်နီနှင့်အာလူးများကို အထက်မြန်မာပြည်မှ တင်သွင်းဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။ ကရင်ပြည်နယ်ဒေသအတွင်းသို့ တင်သွင်းနေသည့် ကြက်သွန်နီများကို အဓိကအားဖြင့် မကွေးတိုင်း (ဆိပ်ဖြူ၊ရေစကြို)၊ မန္တလေးတိုင်း (မြင်းခြံ၊တောင်သာ)နှင့်စစ်ကိုင်းတိုင်း ဒေသများမှ မှာယူတင်သွင်းနေခြင်းဖြစ်သည်။ အာလူးကိုမူ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး၊ ဟိုပုံးနှင့် အောင်ပန်းဒေသများမှ ကုန်ကားကြီးများဖြင့် ရာသီအလိုက် အစဉ်မပြတ်စီးဝင်လျက်ရှိသည်။ ဒေသ တွင်း စီးဝင်လာသည့် ကုန်စည်များ၏ ၆၀ ရာခိုင်နှုန်းခန့်ကို ပြည်နယ်အတွင်းရှိ ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး စသည့်မြို့နယ်များရှိ မြို့မဈေးကြီးများနှင့်ကုန်စုံဆိုင်များသို့ ဖြန့်ဖြူး လျက်ရှိသည်။ ဈေးနှုန်းများ အနေဖြင့် ကြက်သွန်နီလက်ကားဈေး တစ်ပိဿာလျှင် (၄၅၀၀၊၅၅၀၀) ကျပ် ဝန်းကျင်ခန့်ရှိပြီး ကက်လီဈေးနှုန်းမှာတော့ အမျိုးအစားနှင့် ဆိုဒ်ပေါ်မူတည်၍ တစ်ပိဿာလျှင် (၆၀၀၀၊ ၇၀၀၀)ကျပ် တို့ဖြင့်လည်းကောင်း၊ ရှမ်းအာလူး လက်ကားဈေး တစ်ပိဿာလျှင် (၄၀၀၀၊ ၅၀၀၀)ကျပ် ဝန်းကျင်ခန့် နှင့်လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၆၀၀၀)ကျပ်နှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ လက်ရှိကာလတွင် လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူစရိတ်ပေါ် မူတည်ပြီး ကုန်ဈေးနှုန်းကွာခြားမှု အနည်းငယ်ရှိပေမဲ့ ကုန်စည်စီးဆင်းမှုကတော့ ပြတ်တောက်သွား တာမျိုးမရှိဘဲ ပုံမှန်လည်ပတ်လျက်ရှိသည်။ ဒေသတွင်း စားသုံးမှု ပုံမှန်ရှိနေတာကြောင့် ဈေးကွက် အတွင်း ကုန်စည်ပြတ်လပ်မှု မရှိအောင် ဘားအံမြို့ရှိကုန်စည်ဒိုင်ပိုင်ရှင် ဒေသခံကုန်သည်များက စနစ်တကျ မှာယူဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
DOCA(ကရင်)
