သီတင်းကျွတ်အကြို ပြည်မြို့ရဲ့ ရောင်စုံမီးပုံးဈေးကွက်

Powered by Drupal

             မြန်မာတစ်နိုင်ငံလုံးတွင် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) အရောက်တွင် ဘုရား စေတီများ၊ နေအိမ်များနှင့် လမ်းများ၌ ရောင်စုံမီးပုံးများသာမက လက်ရှိတွင် ရောင်စုံဒီဇိုင်းစုံ LED မီးဆိုင်း/ မီးပုံးများကိုပါ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါသည်။ ရောင်စုံမီးပုံးဆိုသည်မှာ မြန်မာ လူမျိုးတို့၏ ဘာသာရေးနှင့် ရိုးရာယဉ်ကျေးမှုပွဲတော်များဖြစ်သော သီတင်းကျွတ်ပွဲတော်နှင့် တန်ဆောင် တိုင်ပွဲတော် များတွင် အိမ်ရှေ့၊ ဘုန်းကြီးကျောင်းနှင့် လမ်းများတွင် ထွန်းညှိပူဇော်ကြသော လှပသည့် အလှဆင် ပစ္စည်း တစ်ခုဖြစ်ပါသည်။ ရှေးယခင်က ဝါးခြမ်းများနှင့် စက္ကူများကို အသုံးပြုကာ လက်ရာ မြောက်စွာ ကိုယ်တိုင် ဆွဲ၍ မီးပုံးများကို ပြုလုပ်ကြပါသည်။ ယခုအခါတွင် ရိုးရာစက္ကူမီးပုံးများအပြင် အလင်းရောင်ကောင်းမွန်ပြီး တာရှည်ခံသော တရုတ်နိုင်ငံထုတ် မီးတွဲများ၊ ရောင်စုံဒီဇိုင်းစုံ LED မီးဆိုင်း များကိုပါ ဈေးကွက်တွင် အလွယ်တကူဝယ်ယူ အသုံးပြုလာကြပါသည်။ မြန်မာရိုးရာလုပ် ရောင်စုံမီးပုံး များကို ကုန်ကြမ်းများဖြစ်သည့် (ဝါး၊ စက္ကူ၊ ကော်နှင့် မီးလုံးဖိုး) ၊ ဒီဇိုင်းနှင့် သယ်ယူပို့ဆောင်ခ ဈေးနှုန်း အပြောင်းအလဲပေါ်မူတည်၍ မီးပုံးတစ်လုံးချင်းစီ၏ လက်လီ၊ လက်ကားဈေးနှုန်းများ ကွာခြားမှုရှိပါသည်။ ပြည်ဈေးကွက်တွင် မြန်မာရိုးရာ လုပ် လက်လုပ်ရိုးရာမီးပုံများနှင့် တရုတ်နိုင်ငံမှတင်သွင်းသည့် ဒီဇိုင်း မျိုးစုံ ရောင်စုံမီးပုံများကို  စိတ်ကြိုက် ကြိုတင်ဝယ်ယူနိုင်ပြီး အလှဆင်နိုင်ကြပါသည်။ မြန်မာရိုးရာလုပ် ရောင်စုံမီးပုံးများကို ပြည်မြို့ရှိတစ်နိုင် တစ်ပိုင်ပြုလုပ်သူများ၊ ရွှေတောင်၊ ပေါက်ခေါင်းနှင့် အခြားမြို့နယ် များမှ တင်သွင်းကြပြီး၊ တရုတ်ရောင်စုံ မီးပုံးများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချ ကြောင်းသိရှိရပါသည်။ ပြည်ဈေးကွက်ရှိ မြန်မာ့ရိုးရာရောင်စုံမီးပုံးများကို ခလေးကြိုက် ရောင်စုံအရုပ် မီးပုံးများ ဈေးနှုန်းအနေဖြင့် အနည်းဆုံး ကျပ် (၃၀၀၀) မှ ကျပ် (၅၀၀၀) အတွင်းရှိပြီး ဒီဇိုင်းစုံ မီးပုံး ဈေးနှုန်းများမှာ ကျပ် (၅၀၀၀) မှ ကျပ် (၁၅၀၀၀) ဝန်းကျင်အထိရှိပြီး၊ တရုတ်နိုင်ငံမှတင်သွင်းသည့် ရောင်စုံမီးပုံးများကို ဒီဇိုင်းလိုက်၍ ဈေးနှုန်းကွာခြားမှုရှိပြီး အနည်းဆုံးကျပ် (၁၀၀၀၀) မှ ကျပ် (၃၀၀၀၀) ထိရှိပြီး သီတင်းကျွန်အကြို ရောင်စုံမီးပုံးများ ဝယ်ယူမှု များလည်းရှိကြောင်း သိရှိရပါသည်။ နယ်ဘက်မှ အဝယ်ရှိသဖြင့် အရောင်းအဝယ်လည်းဖြစ်ကြောင်း သိရှိရပါ သည်။

DOCA(ပဲခူး)