ကမ္ဘောဒီးယားနိုင်ငံ၏ တာယာတင်ပို့မှု ၇၂% တိုးလာ၍ ဒေါ်လာ ၁.၅ ဘီလီယံရရှိ

Powered by Drupal

    ကမ္ဘောဒီးယားနိုင်ငံ၏ တာယာတင်ပို့မှုသည် ၂၀၂၆ ခုနှစ်၊ ပထမ ၈ လအတွင်း ၇၂ ရာခိုင်နှုန်း ကျော်တိုးလာခဲ့ပြီး ဒေါ်လာ ၁.၅ ဘီလီယံနီးပါး ရရှိခဲ့ကာ ကမ္ဘောဒီးယားနိုင်ငံ၏ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် တင်ပို့မှုကဏ္ဍ၏ အရှိန်အဟုန်ဖြင့် ကျယ်ပြန့်လာမှုကို ထင်ရှားစေသည်။

    ကမ္ဘောဒီးယား၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၇-၉-၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်မှာ ကမ္ဘောဒီးယားသည် ဇန်နဝါရီလမှ ဩဂုတ်လ အထိ မော်တော်ယာဉ်သုံးတာယာများကို ဒေါ်လာ ၁.၄၉၇ ဘီလီယံခန့် တင်ပို့ခဲ့ပြီး အဆိုပါပမာဏ သည် ယခင်နှစ်ကာလတူတွင် မှတ်တမ်းတင်ခဲ့သည့် ဒေါ်လာ ၈၇၀ သန်းမှ ၇၂.၁၄ ရာခိုင်နှုန်း တိုးလာ ခြင်းဖြစ်သည်။

    အစီရင်ခံစာအရ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘောဒီးယားနိုင်ငံထုတ် တာယာများအတွက် အကြီးမားဆုံးစျေးကွက်အဖြစ် ဆက်လက်ရပ်တည်ခဲ့ပြီး ဘရာဇီး၊ ကနေဒါ၊ ပြင်သစ်၊ ဗြိတိန်၊ နယ်သာ လန်၊ စပိန်၊ အီတလီ၊ တောင်အာဖရိကနှင့် မက္ကဆီကိုတို့က ၎င်းနောက်တွင် ရပ်တည်ခဲ့ကြသည်။

     အဆိုပါအားကောင်းသော တင်ပို့မှုစွမ်းဆောင်ရည်သည် ကမ္ဘောဒီးယားနိုင်ငံ၏ တာယာ ထုတ်လုပ်မှုလုပ်ငန်း ဆက်လက်ကျယ်ပြန့်လာနေချိန်တွင် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ပြည်တွင်းထုတ်လုပ် သော ရော်ဘာကို ပြည်တွင်းအသုံးပြုမှု တိုးလာခြင်းနှင့် မော်တော်ယာဉ်ဆက်စပ်ထုတ်လုပ်မှုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးလာခြင်းတို့က ပံ့ပိုးပေးလျက်ရှိသည်။

    ကမ္ဘောဒီးယား၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန်နှင့် ပြောရေးဆို ခွင့်ရှိသူဖြစ်သော Penn Sovicheat က တာယာလုပ်ငန်းသည် ကမ္ဘောဒီးယားအတွက် အသစ်အဆန်း ဖြစ်သော်လည်း သိသာထင်ရှားသော တိုးတက်မှုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ကမ္ဘောဒီးယားအနေဖြင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ မော်တော်ယာဉ်ထောက်ပံ့ရေး ကွင်းဆက်များတွင် ပိုမိုပေါင်းစပ် ပါဝင်လာလျက်ရှိကြောင်း ပြောကြားခဲ့သည်။

       တာယာအရေအတွက်နှင့် ၎င်းတို့၏တန်ဖိုး နှစ်မျိုးလုံး တိုးလာခြင်းသည် ကမ္ဘာ့စျေးကွက်တွင် ကမ္ဘောဒီးယား၏ တာယာလုပ်ငန်းကို အသိအမှတ်ပြုလာခြင်းကို ထင်ဟပ်စေသည်ဟု Sovich eat က ပြောကြားခဲ့သည်။ တာယာထုတ်လုပ်မှု အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခြင်းသည် ကမ္ဘောဒီးယား ၏ ရော်ဘာကဏ္ဍအတွက် ဝယ်လိုအား ပိုမိုအားကောင်းလာစေကြောင်း၊ တရားဝင်စာရင်းအင်းများ အရ ပြည်တွင်းထုတ်လုပ်သော ရော်ဘာအစေးကို တာယာထုတ်လုပ်သူများထံ ပိုမိုထောက်ပံ့လာ ခြင်းကြောင့် မကြာသေးမီနှစ်များအတွင်း ရော်ဘာအစေးကို ပြည်တွင်း၌ အသုံးပြုမှု တိုးလာခဲ့ပြီး ရော်ဘာအစေးကြမ်း တင်ပို့မှုမှာ ကျဆင်းလာခဲ့သည်။ ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန၏ အဆိုအရ ကမ္ဘောဒီးယားတွင် ရော်ဘာ စိုက်ခင်းဟက်တာ ၄၅၀,၀၀၀ ခန့် ရှိပြီး နှစ်စဉ် ရော်ဘာ တန်ချိန် ၄၂၀,၀၀၀ ခန့် ထုတ်လုပ်လျက်ရှိသည်။

Source: Khmer Times, 28 Sept 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)