
အင်ဒိုနီးရှားသမ္မတ Prabowo Subianto က အင်ဒိုနီးရှား-ယူရေးရှား စီးပွားရေးသမဂ္ဂ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (I-EAEU FTA) မှတစ်ဆင့် အင်ဒိုနီးရှားနှင့် ရုရှား နိုင်ငံတို့အကြား ကုန်သွယ်မှုတန်ဖိုးကို နှစ်ဆတိုးမြှင့်ရန်အဆိုပြုခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနှင့် ရုရှားအနေနှင့် I-EAEU လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်၏ ကနဦး သုံးသပ်ကာလအတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို နှစ်ဆတိုးမြှင့်နိုင်ရေးအတွက် ရှင်းလင်း သည့်ရည်မှန်းချက်တစ်ရပ် ချမှတ်ကြရန်အဆိုပြုကြောင်း Prabowo က စက်တင်ဘာလ ၃ ရက် နေ့တွင် ရုရှားနိုင်ငံ Vladivostok မြို့၌ ကျင်းပသည့် ၁၁ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) တွင် ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့အကြား ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့်အထိ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၁.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း Prabowo က ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံ၏ စီးပွားရေး ကဏ္ဍများအကြား အပြန်အလှန်ဖြည့်ဆည်းပေးနိုင်သည့်သဘောသဘာဝရှိခြင်းကြောင့် ကုန်သွယ်မှု တိုးတက်လာနိုင်ကြောင်း ၎င်းကဆိုပါသည်။ အဆိုပါလွတ်လပ်သောကုန်သွယ်ရေး သဘောတူညီ ချက်ကို ၂၀၂၇ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း သိရပါသည်။ သဘောတူညီချက်အကောင်အထည်ဖော်မှုသည် အင်ဒိုနီးရှား၊ ရုရှားနှင့် ယူရေးရှားစီးပွားရေးသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေးကိုပိုမိုခိုင်မာစေမည်ဟု မျှော်လင့်ကြောင်း Prabowo က ပြောကြားခဲ့ပါသည်။ Prabowo က အင်ဒိုနီးရှားသည် ယူရေးရှားဒေသ စီးပွားရေးအသိုက်အဝန်း အတွက် အာဆီယံဒေသကိုဝင်ရောက်နိုင်သည့်သဘာဝတံခါးပေါက်တစ်ခုဖြစ်ကြောင်း၊ အင်ဒိုနီးရှား သည် ဒေသတွင်းအကြီးမားဆုံးဈေးကွက်ဖြစ်သကဲ့သို့ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (RCEP) တွင် အဓိကအခန်းကဏ္ဍကပါဝင်နေပြီး ယခုအခါ လွတ်လပ်သော ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံလည်းဖြစ်လာကြောင်း၊ နှစ်နိုင်ငံကုန်သွယ်ရေး ဆက်ဆံမှုနှင့်ပတ်သက် ၍ အင်ဒိုနီးရှားနှင့် ရုရှားတို့သည် သက်ဆိုင်ရာကဏ္ဍများတွင် အားသာချက်များရှိကြောင်းနှင့်
အင်ဒိုနီးရှားဘက်တွင် စားအုန်းဆီ၊ ကော်ဖီ၊ ရေထွက်ကုန်များ၊ ရော်ဘာ၊ အထည်အလိပ်နှင့် လူသုံးကုန်ပစ္စည်းများအပြင် လူငယ်လုပ်သားအင်အားစုများရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် အင်ဒိုနီးရှားသည် လူဦးရေ သန်း ၆၈၀ ခန့်ရှိသည့် အာဆီယံဈေးကွက်သို့ ဝင်ရောက်နိုင် သည့် အဓိကတံခါးပေါက်တစ်ခုအဖြစ်လည်း ရပ်တည်နေကြောင်း သိရပါသည်။ ရုရှားနိုင်ငံတွင်မူ ဂျုံ၊ ဓာတ်မြေဩဇာ၊ စွမ်းအင်၊ သိပ္ပံနှင့် အင်ဂျင်နီယာနည်းပညာကဏ္ဍများ၌ အားသာချက်များ ရှိကြောင်း Prabowo က ဆိုပါသည်။ တစ်ဖက်၏အားသာချက်က တစ်ဖက်၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပြီး ၎င်းသည် မျှတပြီး ရေရှည်တည်တံ့သည့် ကုန်သွယ်ရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ Prabowo သည် စက်တင်ဘာလ ၃ ရက်နေ့ တွင် ရုရှားနိုင်ငံ Vladivostok မြို့၌ ကျင်းပသည့် ၁၁ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် ဂုဏ်ထူးဆောင်အဓိကဧည့်သည်တော်အဖြစ် မိန့်ခွန်းပြောကြားခဲ့ကြောင်းသိရပါသည်။ မိန့်ခွန်း တွင် Prabowo က ဖိုရမ်၌ စကားပြောကြားခွင့်ရရှိသည့်အတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ရုရှားအစိုးရအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ယခုရုရှားခရီးစဉ်သည် ၂၀၂၆ ခုနှစ် အတွင်း ၎င်း၏ဒုတိယအကြိမ်မြောက် ရုရှားနိုင်ငံခရီးစဉ်ဖြစ်ကြောင်းနှင့် အင်ဒိုနီးရှားသမ္မတအဖြစ် တာဝန်ယူပြီးနောက် ပူတင်နှင့် ငါးကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။
DOCA (ရန်ကုန်)
