အိန္ဒိယနိုင်ငံ၏ ပဲပုပ်ဆီ တင်သွင်းမှုသည် ဩဂုတ်လတွင် စံချိန်တင်မြင့်တက်ခဲ့ပြီး  စားအုန်းဆီ တင်သွင်း မှုမှာလည်း ၆ လအတွင်း အမြင့်ဆုံးဖြစ်

Powered by Drupal

    အိန္ဒိယနိုင်ငံရှိ ဆီစက်များသည် ပွဲတော်ရာသီမတိုင်မီ ဆီလက်ကျန်များ ကြိုတင်စုဆောင်း ထားရန်အတွက် ဩဂုတ်လတွင် ပဲပုပ်ဆီကို စံချိန်တင်ပမာဏအထိ တင်သွင်းခဲ့ပြီး စားအုန်းဆီ တင်သွင်းမှုမှာလည်း ၆ လအတွင်း အမြင့်ဆုံးပမာဏသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။

    ကမ္ဘာ့အကြီးဆုံး စားသုံးဆီတင်သွင်းသူဖြစ်သည့် အိန္ဒိယနိုင်ငံက စားအုန်းဆီနှင့် ပဲပုပ်ဆီ ဝယ်ယူမှုများ မြင့်တက်လာခြင်းသည် အင်ဒိုနီးရှား၊ မလေးရှားနှင့် အာဂျင်တီးနားတို့တွင် ဆီလက်ကျန် များ လျော့ကျစေရန် အထောက်အကူပြုနိုင်ပြီး စားအုန်းဆီနှင့် ပဲပုပ်ဆီ၏ အနာဂါတ်ဈေးကွက် အတွက် အထောက်အပံ့ဖြစ်စေနိုင်သည်။

    အိန္ဒိယ၏ စားအုန်းဆီတင်သွင်းမှုသည် ယခင်လထက် ၇% မြင့်တက်ပြီး ဩဂုတ်လတွင် မက်ထရစ်တန်ချိန် ၇၈၀,၀၀၀ ရှိခဲ့သည်ဟု ပျမ်းမျှခန့်မှန်းချက်များအရ သိရသည်။ ပဲပုပ်ဆီ တင်သွင်း မှုသည် ယခင်လထက် ၂၁% မြင့်တက်ကာ စံချိန်တင် မက်ထရစ်တန်ချိန် ၆၀၁,၀၀၀ ရှိခဲ့သည်။ တစ်ချိန်တည်းတွင် နေကြာဆီတင်သွင်းမှုသည် ၃၈% ကျဆင်းပြီး ၆ လအတွင်း အနိမ့်ဆုံး ဖြစ်သည့် တန်ချိန် ၁၅၇,၀၀၀ သို့ ရောက်ရှိခဲ့သည်။ စားသုံးဆီ တင်သွင်းမှုစုစုပေါင်းမှာ ၄% မြင့်တက်ပြီး ၁၁ လ အတွင်း အမြင့်ဆုံးဖြစ်သည့် မက်ထရစ်တန်ချိန် ၁.၅၄ သန်း ရှိခဲ့ရာ အဆိုပါ မြင့်တက်မှုမှာ စားအုန်း ဆီနှင့် ပဲပုပ်ဆီ တင်သွင်းမှုမြင့်တက်လာခြင်းကြောင့်ဖြစ်သည်။ ဩဂုတ်လအတွင်း နီပေါနိုင်ငံမှ စားသုံးဆီတန်ချိန် ၁၀၀,၀၀၀ ခန့် တင်သွင်းခဲ့ပြီး ယင်းအနက် ပဲပုပ်ဆီတန်ချိန် ၉၀,၀၀၀ ပါဝင်သည်။

    အိန္ဒိယနိုင်ငံ၏ Solvent Extractors' Association သည် ဩဂုတ်လအတွက် ဆီတင်သွင်း မှုဆိုင်ရာ အချက်အလက်များကို စက်တင်ဘာလလယ်ခန့်တွင် ထုတ်ပြန်မည်ဖြစ်သည်။ အိန္ဒိယ နိုင်ငံတွင် ဩဂုတ်လမှ နိုဝင်ဘာလအတွင်း ပွဲတော်များ ဆက်တိုက်ကျင်းပလေ့ရှိပြီး ထိုကာလ အတွင်း စားသုံးဆီဝယ်လိုအားသည် ပုံမှန်အားဖြင့် အမြင့်ဆုံးသို့ ရောက်ရှိတတ်ပြီး Rajkot မြို့၊ Gujarat ပြည်နယ်ရှိ GGN Research ကုမ္ပဏီ၏ ပြောကြားချက်အရ ဆီစက်များသည် ပွဲတော်ရာသီ၏ ဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် နောက်ကာလထက် ယခုလက်ရှိကာလအတွင်းက ဈေးနှုန်း ပိုမို သက်သာသောကြောင့် ဝယ်ယူမှုများ တိုးမြှင့်ခဲ့ကြသည်။

     Mumbai အခြေစိုက် စားသုံးဆီအကျိုးဆောင်ကုမ္ပဏီ Sunvin Group ၏ CEO က ပဲပုပ်ဆီ တင်သွင်းမှု မြင့်တက်လာခြင်းမှာ ပဲပုပ်မျိုးစေ့၏ ဈေးနှုန်းသည် ဆီအုန်းထက် ပိုမိုယှဉ်ပြိုင်နိုင်သော ကြောင့် ဖြစ်ကြောင်းပြောကြားသည်။ ထို့အပြင် Black Sea ဒေသမှ နေကြာဆီတင်ပို့မှုများမှာ ရုရှား–ယူကရိန်းစစ်ပွဲ ပြင်းထန်လာမှုကြောင့် အနှောင့်အယှက်များဖြစ်ပေါ်ခဲ့သည်။ အိန္ဒိယနိုင်ငံ သည် စားအုန်းဆီအများစုကို အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ တင်သွင်းပြီး ပဲပုပ်ဆီနှင့် နေကြာ ဆီတို့ကို အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့မှ အဓိကတင်သွင်းခြင်း ဖြစ်သည်။ အိန္ဒိယ၏ ပဲပုပ်ဆီနှင့် စားအုန်းဆီ တင်သွင်းမှုများသည် စက်တင်ဘာလအတွင်းတွင်လည်း မြင့်တက် နေမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

Source : The Economic Time News, Sept 3, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)