ဗီယက်နမ်ရောင်းချသူများအား အမေရိကန်ဈေးကွက်သို့ ဝင်ရောက်ရန် တံခါးဖွင့်လှစ်ပေးနိုင်သည့် ကုန်စည်ပြပွဲ

Powered by Drupal

         အမေရိကန်နိုင်ငံ၏ လက်လီအရောင်းလုပ်ငန်းကြီး Target က ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် ၂၀၂၆ ခုနှစ် Vietnam International Sourcing Expo (VIS 2026) တွင် ပထမဆုံးအကြိမ် ပါဝင်မည်ဖြစ်ရာ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအနေဖြင့် မြောက်အမေရိက၏ ထိပ်တန်း လက်လီအရောင်းလုပ်ငန်းကြီးတစ်ခုနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်ပြီး ထုတ်လုပ်မှု၊ ထုတ်ကုန်ဖွံ့ဖြိုးရေးနှင့် ကိုယ်ပိုင်အမှတ်တံဆိပ်ထုတ်ကုန်များ ထုတ်လုပ်ရေးအပါအဝင် ၎င်း၏ထောက်ပံ့ရေး ကွင်းဆက်အတွင်းပါဝင်နိုင်မည့်အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဟု မျှော်မှန်းထားကြောင်း သိရပါသည်။ VIS 2026 ကို ဟိုချီမင်းမြို့ရှိ Saigon Exhibition and Convention Centre ၌ စက်တင်ဘာ ၃ ရက်မှ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (MOIT) ၏ ဩဂုတ် ၁၁ ရက် ထုတ်ပြန်ချက်အရ Target သည် အိမ်သုံးပစ္စည်းများ၊ အိမ်သုံးအထည်အလိပ်များ၊ ကလေးအသုံးအဆောင်များ၊ ကိုယ်ရေးကိုယ်တာသန့်ရှင်းရေးနှင့် အလှကုန်ပစ္စည်းများ ထုတ်လုပ်ပေးနိုင်သည့် ဗီယက်နမ်ကုန်ပစ္စည်း ပေးသွင်းသူများကိုရှာဖွေနေပြီး အရည်အသွေး၊ ဒီဇိုင်းနှင့် ထောက်ပံ့ရေးကွင်းဆက်စီမံခန့်ခွဲမှုဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ထုတ်ကုန်များထုတ်လုပ်ဖွံ့ဖြိုးနိုင်သော ကုမ္ပဏီများကို အဓိကထားရှာဖွေနေကြောင်း သိရပါသည်။ Target ၏ ဦးစားပေးဝယ်ယူရေးပစ္စည်းများတွင် အရုပ်ပျော့များ၊ ကြွေထည်စားပွဲသုံးနှင့် မီးဖိုချောင်သုံးပစ္စည်းများ၊ ဓာတုအမျှင်ဖြင့်ပြုလုပ်သည့် အိမ်သုံးအထည်အလိပ်များ၊ ပလတ်စတစ်မီးဖိုချောင်သုံးပစ္စည်းများ၊ ကလေးငယ်နှင့် ကလေး အသုံးအဆောင်များအပြင် ဆံပင်နှင့် ဦးရေပြားထိန်းသိမ်းရေး၊ ရေချိုးခန္ဓာကိုယ်ထိန်းသိမ်းရေး၊ အသားအရေထိန်းသိမ်းရေး၊ အလှအပသုံးကိရိယာများ၊ မိတ်ကပ်အသုံးအဆောင်များနှင့် ဆန်းသစ် တီထွင်ထားသောထုပ်ပိုးပစ္စည်းများပါဝင်ကြောင်း သိရပါသည်။ ထို့ပြင် အိမ်သန့်ရှင်းရေးသုံးပစ္စည်းများ၊ ဖယောင်းတိုင်များ၊ အိမ်သုံးရနံ့ပစ္စည်းများနှင့် ကလေးများအတွက် ကိုယ်ရေးကိုယ်တာသန့်ရှင်းရေးသုံးပစ္စည်းများကိုလည်း ဝယ်ယူရန်ရှာဖွေလျက်ရှိပြီး ရေရှည်တွင် အိမ်မွေးတိရစ္ဆာန်သုံးပစ္စည်းများ၊ ကျန်းမာရေးနှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးဆိုင်ရာပစ္စည်းများ၊ ကလေးငယ်နှင့် ကလေးများအတွက် ပရိဘောဂနှင့် အသုံးအဆောင်ပစ္စည်းများကိုလည်း ရှာဖွေသွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါကျယ်ပြန့်သည့်ဝယ်ယူရေးကဏ္ဍများကြောင့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအနေဖြင့် အချောထည်ထုတ်ကုန်များ ပေးသွင်းရုံသာမက OEM (မူရင်းပစ္စည်းထုတ်လုပ်သူ)၊ ODM (မူရင်းဒီဇိုင်းထုတ်လုပ်သူ)၊ ကိုယ်ပိုင်အမှတ်တံဆိပ်ထုတ်ကုန် ထုတ်လုပ်ရေးနှင့် ပူးပေါင်းထုတ်ကုန်ဖွံ့ဖြိုးရေးပုံစံများမှတစ်ဆင့် ထုတ်ကုန်ဒီဇိုင်း၊ ဖွံ့ဖြိုးရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများတွင်ပါ ပါဝင်နိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ကြောင်း MOIT က ပြောကြားခဲ့ပါသည်။ Target သည် အမေရိကန်နိုင်ငံတစ်ဝန်း ဆိုင်ခွဲပေါင်း ၂,၀၀၀ ကျော် ဖွင့်လှစ်ထားပြီး ၂၀၂၅ ခုနှစ်တွင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၅ ဘီလီယံခန့် ရရှိခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီသည် ကိုယ်ပိုင်အမှတ်တံဆိပ်ပေါင်း ၄၅ ခုကျော်ကို ဖော်ဆောင်ထားပြီး ဗီယက်နမ်နိုင်ငံ တွင် ထုတ်လုပ်ရေးစက်ရုံများရှိခြင်း၊ ပို့ကုန်ပမာဏများပြားခြင်းနှင့် IKEA၊ Walmart ၊ Costco ၊ Home Depot ၊ Nitori ၊ TJX၊ Williams Sonoma ၊ Walgreens ၊ Amazon ၊ CVS ၊ Sephora နှင့် Ulta ကဲ့သို့ နိုင်ငံတကာကုမ္ပဏီများနှင့် လက်လီအရောင်းဆိုင်ကွင်းဆက်များအတွက် ပစ္စည်းပေးသွင်းဖူးသည့် အတွေ့အကြုံရှိခြင်းတို့ကို အဓိကထားသတ်မှတ်ထားကြောင်း သိရပါသည်။
       ထုတ်လုပ်မှုစွမ်းရည်အပြင် Target သည် OEM/ODM လုပ်ငန်းများ၊ ထုတ်ကုန်ဒီဇိုင်းနှင့် ဖွံ့ဖြိုးရေး၊ ကိုယ်ပိုင်အမှတ်တံဆိပ်ထုတ်ကုန်ထုတ်လုပ်ရေးနှင့် ဆန်းသစ်တီထွင်မှုစွမ်းရည်များအပြင် စျေးကွက်လိုအပ်ချက်များကို လျင်မြန်စွာတုံ့ပြန်နိုင်စွမ်းရှိသည့်ပေးသွင်းသူများကိုလည်း ရှာဖွေနေကြောင်း သိရပါသည်။ VIS 2026 တွင် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအနေဖြင့် Target ၏ ဝယ်ယူရေးအဖွဲ့နှင့်တွေ့ဆုံကာ ကုမ္ပဏီ၏လိုအပ်ချက်များကိုသိရှိနိုင်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ အခွင့်အလမ်းရရှိနိုင်ရေးအတွက် ထုတ်လုပ်မှုစွမ်းရည်၊ ထုတ်ကုန်ဖွံ့ဖြိုးရေး၊ အရည်အသွေးနှင့် ထောက်ပံ့ရေးကွင်းဆက်စီမံ ခန့်ခွဲမှုတို့ကို မြှင့်တင်ထားရန် လိုအပ်သကဲ့သို့ ထုတ်ကုန်ဘေးကင်းလုံခြုံရေး၊ လူမှုရေးတာဝန်ယူမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကုန်ကြမ်းပစ္စည်းနှင့် မူရင်းနိုင်ငံဆိုင်ရာ သတ်မှတ်ချက်များကိုလည်း လိုက်နာရန်လိုအပ်ကြောင်း MOIT က အကြံပြုထားပါသည်။ ထို့ပြင် ထုတ်လုပ်ရေးစက်ရုံနှင့် ထုတ်လုပ်နိုင်စွမ်း၊ ပို့ကုန်ဈေးကွက်များ၊ နိုင်ငံတကာဖောက်သည်များနှင့် OEM/ODM အသိအမှတ်ပြုလက်မှတ်များအပါအဝင် အချက်အလက်များကို အင်္ဂလိပ်ဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည့် ကုမ္ပဏီအကြောင်းအရာစာတမ်းနှင့် ထုတ်ကုန်နမူနာများကို သေချာပြင်ဆင်ထားခြင်းသည် ပထမဆုံးတွေ့ဆုံချိန်တွင် ကောင်းမွန်သည့်အထင်အမြင်ရရှိစေရန် အရေးကြီးမည်ဖြစ်ကြောင်း MOIT က ပြောကြားခဲ့ပါသည်။ နိုင်ငံတကာလက်လီအရောင်းလုပ်ငန်းများအတွက် ပစ္စည်းပေးသွင်းဖူးသည့် အတွေ့အကြုံရှိပါကလည်း အဓိကအားသာချက်အဖြစ် ထင်ရှားစွာ ဖော်ပြထားသင့်ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)