
ကရင်ပြည်နယ်ထွက် ဘုံလုံသီးစိုက်ပျိုးထွက်ရှိမှု ပုံမှန်ရှိပြီး ဒေသတွင်းဈေးကွက်၌ အရောင်း အဝယ် သွက်လျက်ရှိသည်။ ကရင်ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများသည် ရာသီအလိုက် အဓိကစိုက်ပျိုးကြရာတွင် ဒေသထွက်ဘုံလုံသီး (ကျောက်ဖရုံသီးနွယ်ဝင်စိုက်ပျိုးသီးနှံ)များ ထွက်ရှိ သည့် ရာသီချိန်သို့ ရောက်ရှိလာပြီဖြစ်ရာ ယခုနှစ်တွင် စိုက်ပျိုးထွက်ရှိမှု ပုံမှန်ရှိပြီး ဒေသတွင်း သီးနှံ ဈေးကွက်၌ ဝယ်လိုအားကောင်းမွန်ကာ အရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရသည်။ ဘုံလုံသီး ကို ကရင်ပြည်နယ်အတွင်းရှိ ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး စသည့် မြို့နယ်များရှိ တောင်ယာခင်းများနှင့်ဥယျာဉ်ခြံများတွင် အရိပ်ရသီးနှံအဖြစ် တနိုင်တပိုင်မှ စီးပွားဖြစ် သည်အထိ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြသည်။ ဘုံလုံသီးသည် စိုက်ပျိုးရလွယ်ကူပြီး ရာသီဥတု ဒဏ်ခံနိုင်သည့်အပြင် ရိတ်သိမ်းချိန်တွင် အသီးအထွက်နှုန်းကောင်းမွန်သည့် သီးနှံတစ်မျိုးဖြစ်သည်။
ထွက်ရှိမှုနှင့် စိုက်ပျိုးစရိတ်- ယခုနှစ် မိုးရာသီးကာလ ထွက်ရှိမှုအခြေအနေတွင် ရာသီဥတု ဆိုးရွာမှု ရှိသည့်အတွက် ထွက်ရှိမှုနှုန်းပုံမှန်မရှိဘဲ အသီးအရည်အသွေးလည်း ကောင်းမွန်ကြောင်း တောင်သူ များထံမှသိရသည်။ စိုက်ပျိုးစရိတ်အနေဖြင့် မြေဩဇာနှင့် လုပ်အားခ ဈေးနှုန်းအနည်းငယ်မြှင့်တက် လာမှုရှိသော်လည်း ထွက်ရှိလာသည့်အသီးများကို ပုံမှန်ဆွတ်ခူးရောင်းချနိုင်သဖြင့် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ တွက်ချေကိုက်လျက်ရှိသည်။
ဈေးကွက်နှင့်ဈေးနှုန်းအခြေအနေ- ကရင်ပြည်နယ်မှထွက်ရှိသည့် ဘုံလုံသီးများကို ဒေသတွင်း ဘားအံမြို့မှဈေးကြီးအပါအဝင် မြို့နယ်အသီးသီးရှိ မြို့မှဈေးများနှင့် အိမ်ဆိုင်များသို့ အဓိက တင်ပို့ ရောင်းချလျက်ရှိသည်။ ဘုံလုံသီးကို အရွယ်အစားနှင့် အလေးချိန်ပေါ်မူတည်၍ရောင်းချကြရာ လက်ကားဈေး တစ်လုံးလျှင် (၁,၅၀၀၊၂,၅၀၀)ကျပ် ဝန်းကျင် ဈေးရရှိသည်။ လက်လီဈေးနှုန်းမှာ စိမ်းလန်း လတ်ဆက်ပြီး အရွယ်အစားကြီးသော ဘုံလုံသီး တစ်လုံးလျှင် (၃,၀၀၀၊၄,၀၀၀) ကျပ် အထိ ရောင်းချ လျက်ရှိသည်။ ဘုံလုံသီးသည် ဒေသခံများအတွက် နေ့စဉ်ဟင်းလျာ အဖြစ် ချက်ပြုတ်စားသုံးမှု များပြားသည့်အပြင် ကျန်းမာရေးအတွက်လည်း သင့်တော်သည့် ဟင်းသီး ဟင်းရွက်တစ်မျိုးဖြစ် သောကြောင့် ဝယ်လိုအား အမြဲရှိနေသည့် သီးနှံဖြစ်ကြောင်း ဒေသခံသီးနှံ ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။
ဒေသထွက်ဘုံလုံသီးများ ဈေးကွက်အတွင်းသက်သာသောဈေးနှုန်းဖြင့် ပေါပေါများများရရှိ နေခြင်းကြောင့် စားသုံးသူများအတွက် ဟင်းသီးဟင်ရွက် စိတ်ကြိုက်ရွေးချယ်နိုင်သလို စိုက်ပျိုးသည့် တောင်သူများအတွက်လည်း ပုံမှန်ဝင်ငွေရရှိစေသည့် သီးနှံတစ်မျိုးလည်းဖြစ်ကြောင်း သိရသည်။
DOCA(ကရင်)
