ပြည်မြို့ရှိ ထန်းလျက်ဈေးကွက်

Powered by Drupal

           ထန်းလျက်ဆိုသည်မှာ ထန်းရည်ချိုကို ချက်၍ရသော ခဲဖွယ်တစ်မျိုးဖြစ်ပါသည်။  ထန်းပင်မှရ သော သန့်စင်ထားသည့် ထန်းရည်အချိုကို ဒယ်အိုးထဲသို့ထည့်ကာ မီးပြင်းပြင်းဖြင့် ပျစ်လာသည်အထိ တစ်နာရီခန့် ဆူပွက်အောင်ကျိုချက်ပေး၍ သမအောင် မွှေပေးရပါသည်။ အရည်ပျစ်၍ ထန်းလျက်သား တက်လာသည့်အခါ မီးဖိုပေါ်မှချပြီး မိမိလိုအပ်သည့်အတုံးများတုံးကာ အခြောက်ခံ ပါက ထန်းလျက်ခဲကိုရရှိမည်ဖြစ်ပါသည်။ သဘာဝပစ္စည်း စစ်စစ်မှ ထုတ်လုပ်ထားသည့်အပြင် ဆေးဖက်ဝင်သောကြောင့် မြန်မာ့ထမင်းဝိုင်းတွင် အချိုတည်းစရာ တစ်ခုအဖြစ် ရှေးယခင် ကတည်းက တည်ရှိခဲ့ကာ လက်ရှိအချိန်ထိ လူကြီး၊ လူငယ်မရွေး အထူးကြိုက်နှစ်သက်စွာ စားသုံး လျက်ရှိသည့် အစားအစာတစ်ခု ဖြစ်သည်။ ၎င်းထန်းလျက်များကို ပြည်တွင်း၌ သာမက ပြည်ပနိုင်ငံများမှလည်း ကြိုက်နှစ်သက်ကြပါသည်။ ထန်းလျက်သည် မြန်မာနိုင်ငံ၏ ရိုးရာအမွေအနှစ် စားသောက်ဖွယ်ရာတစ်ခုဖြစ်ပြီး ထန်းပင်၏ ထန်းရည်ခါး/ ထန်းရည်ချိုကို ချက်လုပ်ရာမှရရှိသော သဘာဝသကြားလုံး (သို့မဟုတ်) မြန်မာနိုင်ငံ၏ ချောကလတ်ဖြစ်ပါသည်။ ထန်းလျက်သည် မြန်မာနိုင်ငံအလယ်ပိုင်း (အညာဒေသ) ၏ အဓိကထွက်ကုန် တစ်ခုဖြစ်သည်။ ထန်းလျက်တွင် အဖြူ ထန်းလျက်၊ အညိုရောင်ထန်းလျက်၊ ဇီးထန်းလျက်၊ အုန်းထန်းလျက်၊ နှမ်းထန်းလျက်၊ မြေပဲထန်း လျက်စသည့်ဖြင့် ဒေသလိုက်၍ ဒေသထွက်ကုန်အဖြစ် အထူးသဖြင့် အညာဒေသများတွင် လက်ဆောင်အဖြစ် ပေးလေ့ရှိသော ရိုးရာအစားအစာတစ်ခုပဲဖြစ်ပါသည်။ ထန်းလျက်သည် မြန်မာ နိုင်ငံ၏ မုန့်ပဲသရေစာများနှင့် မြန်မာရိုးရာစားစရာများတွင် မရှိမဖြစ် အဓိကဇာတ်လိုက်အဖြစ် အသုံး ပြုကြပါသည်။ ထို့အပြင် ထန်းလျက်သည် ကျန်းမာရေးအတွက်လည်း မရှိမဖြစ် အရေးပါ၍ အသုံးပြု ကြပါသည်။ ချင်း (ဂျင်း) နှင့် ထန်းလျက်ကို ပြုတ်သောက်ပါက အအေး မိခြင်း၊ နှာစေးခြင်းနှင့် ချောင်းဆိုးခြင်းတို့ကို သက်သာစေပါသည်။ ထန်းလျက်ကို မန်ကျည်းသီးနှင့် ရောပြီး မန်ကျည်းဖျော်ရည် အဖြစ်လည်းသောက်သုံးကြပါသည်။ ထမင်းစားပြီးနောက် ထန်းလျက် တစ်ခဲ စားပေးခြင်းက အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသဖြင့် အစာကြေရင်ချောင်စေပါသည်။ ထန်းလျက်တွင် သဘာဝကာဘိုဟိုက်ဒရိတ် ပါဝင်မှုမြင့်မားသောကြောင့် မောပန်းနွမ်းနယ်မှုကို မြန်ဆန်စွာ ပြေပျောက်စေပါသည်။ သံဓာတ်ကြွယ်ဝစွာ ပါဝင်သဖြင့် သွေးအားနည်းရောဂါကို ကာကွယ်ပေးပါသည်။ မြန်မာ့တို့၏ လူနေမှုဘဝတွင် ထန်းလျက်သည် မရှိမဖြစ် အရေးပါလှပါသည်။ အညာဒေသဧည့်ဝတ်ပြုမှုတွင် ရေနွေးကြမ်းနှင့် ထန်းလျက်ခဲသည် မပါအဖြစ် အမြဲတွဲဖက်ပါရှိ တတ်ပါသည်။ ထို့အပြင် မြန်မာ့ ရိုးရာမုန့်များဖြစ်ကြသော မုန့်လုံးရေပေါ်၊ မုန့်စိမ်းပေါင်း၊ သာကူပြင် နှင့် မုန့်လက်ဆောင်း စသည်တို့တွင် အချိုဓာတ်အတွက် အဓိကအသုံးပြုကြပါသည်။ ထန်းပင် အပင် ၄ဝ တွင် ထန်းလျက် အချိန် ပေါင်း ၂၅ ပိဿာခန့် ထွက်ရှိကြောင်း သိရပါသည်။ ထန်းလျက်ကို ယခု နောက်ပိုင်းတွင် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချခြင်းများ ပြုလုပ်လာသဖြင့် ဒေသထွက်ကုန် လက်ဆောင်ပစ္စည်းများအဖြစ်ရောင်းချ ခြင်းများရှိလာသဖြင့် မိသားစုတစ်နိုင် တစ်ပိုင် ဝင်ငွေများတိုးပွားလာပြီး အလုပ်အကိုင်ရရှိမှု အခွင့်အလမ်း များလည်း တိုးတက်လာ မည်ဖြစ်ပါသည်။ ပြည်ဈေးကွက်ထဲတွင် ထန်းလျက်အဖြူ တစ်ပိဿာလျှင် ကျပ်၊ ထန်းလျက်အညို တစ်ပိဿာလျှင် ကျပ် (၆၀၀၀) ၊ ဇီးထန်းလျက် တစ်ပိဿာ လျှင် (၅၀၀၀)ကျပ်၊ အုန်းထန်းလျက် တစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ မြေပဲထန်းလျက် တစ်ပိဿာလျှင် ကျပ်   (၅၀၀၀)  တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)