သတ္တုနှင့် သတ္တုထွက်ပစ္စည်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကိုလက်မှတ်ရေးထိုးခဲ့ကြသည့်အင်ဒိုနီးရှားနှင့် ဆွစ်ဇာလန်

Powered by Drupal

         အင်ဒိုနီးရှားနှင့် ဆွစ်ဇာလန်နိုင်ငံတို့သည် သတ္တုနှင့် သတ္တုထွက်ပစ္စည်းကဏ္ဍပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ကြပြီး သဘာဝသယံဇာတများကို တန်ဖိုးမြှင့်ထုတ်လုပ်ရေး (Downstream) လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နေသည့် အင်ဒိုနီးရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလုပ်ငန်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေခဲ့ကြောင်း သိရပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် တန်ဖိုးမြှင့်ထုတ်လုပ်ရေးဝန်ကြီး Rosan Roeslani က အဆိုပါသဘောတူညီချက်သည် ၂၀၂၆ ခုနှစ် ဇွန် ၂၃ ရက်က ဆွစ်ဇာလန်နိုင်ငံ ဘေဆယ်မြို့တွင် ကျင်းပသည့် Swissmem Industry Day 2026 အခမ်းအနားအတွင်း ဆွစ်ဇာလန်သမ္မတ Guy Parmelin က စတင်လက်မှတ်ရေးထိုးခဲ့သည့်လုပ်ငန်းစဉ်ကို အပြီးသတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Rosan က ထိုသဘောတူညီချက်သည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေသည့် အရေးပါသောမှတ်တိုင်တစ်ရပ်ဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော တန်ဖိုးမြှင့် ထုတ်လုပ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့် အင်ဒိုနီးရှားနိုင်ငံ၏စက်မှုကဏ္ဍ ပြောင်းလဲဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက အင်ဒိုနီးရှားနိုင်ငံ၏ ပေါများကြွယ်ဝသည့်သတ္တုသယံဇာတများကို ပြည်တွင်း၌ တန်ဖိုးမြှင့်ထုတ်လုပ်ခြင်းအားဖြင့် တန်ဖိုးမြင့်ထုတ်ကုန်များ ဖန်တီးနိုင်မည်ဖြစ်သကဲ့သို့ အရည်အသွေးမြင့် အလုပ်အကိုင် များ ဖန်တီးပေးနိုင်ပြီး စက်မှုကဏ္ဍယှဉ်ပြိုင်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဆွစ်ဇာလန်နိုင်ငံသည် နည်းပညာ၊ ဆန်းသစ်တီထွင်မှု၊ ငွေကြေးထောက်ပံ့မှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ကမ္ဘာ့ဈေးကွက်ဝင်ရောက်နိုင်မှုတို့တွင် ကျွမ်းကျင်မှုများရှိသဖြင့် နှစ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထိုပူးပေါင်းဆောင်ရွက်မှုသည် သဘာဝသယံဇာတများကို ပြည်တွင်း၌ တန်ဖိုးမြှင့်ထုတ်လုပ်ခြင်းဖြင့် စီးပွားရေးဖွဲ့စည်းပုံပြောင်းလဲတိုးတက်စေရန် အင်ဒိုနီးရှား အစိုးရ၏မဟာဗျူဟာကို အထောက်အပံ့ပေးမည်ဖြစ်ကြောင်းနှင့် အစိုးရအနေဖြင့် လျှပ်စစ်မော်တော်ယာဉ်ဘက်ထရီများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အစိမ်းရောင်စက်မှုလုပ်ငန်းများအတွက် အဆင့်မြင့်သတ္တုသန့်စင်ခြင်းနှင့် ကုန်ထုတ်လုပ်မှုများကို ဦးစားပေးဆောင်ရွက်ကာ မဟာဗျူဟာကျသောသတ္တုများ၏ တန်ဖိုးမြှင့်ထုတ်လုပ်ရေးကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှား၊ တီမောလက်စတီနှင့် အာဆီယံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး Olivier Zehnder က ထိုသဘောတူညီချက်သည် သတ္တုနှင့် သတ္တုထွက်ပစ္စည်းကဏ္ဍတွင် နှစ်နိုင်ငံ အပြန်အလှန်အားဖြည့်ပူးပေါင်းဆောင်ရွက်နိုင်ရန် ပိုမိုခိုင်မာသော အခြေခံအုတ်မြစ်တစ်ရပ်ကို တည်ဆောက်ပေးမည်ဖြစ်ကြောင်းနှင့် ယခုနှစ်သည် အင်ဒိုနီးရှားနှင့် ဆွစ်ဇာလန်နိုင်ငံတို့ သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် (၇၅) နှစ်မြောက် အထိမ်းအမှတ်နှစ်နှင့်လည်း တိုက်ဆိုင်နေပြီး ထိုပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှု ပိုမို တိုးတက်လာကာ ရေရှည်အကျိုးကျေးဇူးများရရှိစေမည်ဟုမျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါပူးပေါင်းဆောင်ရွက်ရေးမူဘောင်တွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ရေရှည်တည်တံ့သော သတ္တုနှင့် သတ္တုထွက်ပစ္စည်း ထောက်ပံ့ရေးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာနှင့် အသိပညာလွှဲပြောင်းရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်ဝန်းကျင်၊ လူမှုရေးနှင့် ကော်ပိုရိတ်အုပ်ချုပ်မှု (ESG) စံနှုန်းများ အကောင်အထည်ဖော်ရေးတို့ ပါဝင်ကြောင်း သိရပါသည်။ ထို့အပြင် သန့်စင်သောနည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ တန်ဖိုးမြှင့်ထုတ်လုပ်ရေး စက်မှုလုပ်ငန်းများ၏ အုပ်ချုပ်မှုစနစ်အားကောင်းစေရေးနှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် စေလွှတ်ရေး၊ ဆွေးနွေးပွဲများ၊ ပြပွဲများ၊ လေ့ကျင့်ရေးအစီအစဉ်များနှင့် စီးပွားရေးချိတ်ဆက်မှု အစီအစဉ်များကိုလည်း ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အထိ ဆွစ်ဇာလန်နိုင်ငံ၏ အင်ဒိုနီးရှားနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၃၃ ဘီလီယံခန့်ရှိခဲ့ပြီး အစားအသောက်၊ သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရေး၊ ဆက်သွယ်ရေးနှင့် ဓာတုနှင့် ဆေးဝါးထုတ်လုပ်ရေးကဏ္ဍများတွင် အများဆုံး ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရပါသည်။ ထို့ပြင် အင်ဒိုနီးရှား–ဥရောပလွတ်လပ်သော ကုန်သွယ်ရေး အသင်း (EFTA) ဘက်စုံစီးပွားရေး မိတ်ဖက်သဘောတူညီချက် (IE-CEPA) အောက်တွင်လည်း နှစ်နိုင်ငံ၏ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်းလာခဲ့ပြီး ထိုသဘောတူညီချက်သည် စီးပွားရေးလုပ်ငန်းများအတွက် ယုံကြည်စိတ်ချရမှုမြှင့်တင်ပေးကာ ရင်းနှီးမြှုပ်နှံမှုများကို ပိုမို လွယ်ကူချောမွေ့စေရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)