
အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့သည် ၂၀၂၈ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံအထိ ရောက်ရှိစေရန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းစွာမြှင့်တင်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Sugiono က ပြောကြားခဲ့ပါသည်။ ထိုကတိကဝတ်ကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ဇူလိုင်လ ၁၄ ရက်နေ့က ကျင်းပခဲ့သည့် (၆) ကြိမ်မြောက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာပူးတွဲကော်မရှင် အစည်းအဝေး (JCBC) အပြီးတွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Sugiono နှင့် ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီး Le Hoai Trung တို့က နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်းဖြင့် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့်ပတ်သက်၍ ၂၀၂၈ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုရည်မှန်းချက် အမေရိကန် ဒေါ်လာ ၁၈ ဘီလီယံ ရရှိစေရန် ၎င်းတို့၏ ကတိကဝတ်ကို ထပ်မံအတည်ပြုလိုက်ကြောင်း ဝန်ကြီး Sugiono က ဝန်ကြီး Le Hoai Trung နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ အဆိုပါရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် နှစ်နိုင်ငံအနေဖြင့် အပြန်အလှန်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုများတိုးမြှင့်ရေး၊ နှစ်နိုင်ငံစလုံးရှိ ကုန်သွယ်ရေးအတားအဆီးများ ဖယ်ရှားရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် နှစ်နိုင်ငံစီးပွားရေးအသိုင်းအဝိုင်းများအကြားထိတွေ့ ဆက်ဆံမှုများ ပိုမိုတိုးမြှင့်သွားမည်ဖြစ်ပြီး လက်ရှိတည်ရှိပြီးသော နှစ်နိုင်ငံသဘောတူညီချက်များနှင့် နားလည်မှုစာချွန်လွှာများကို ဆက်လက်အကောင်အထည်ဖော်ကာ လက်တွေ့ကျသော ရလဒ်များရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ စီးပွားရေးပူးပေါင်းမှုများအပြင် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး လုပ်ငန်းစီမံချက်တွင် သီးသန့်စီးပွားရေးဇုန် (EEZ) နှင့်ပတ်သက်သည့် နှစ်နိုင်ငံသဘောတူညီချက်များကို အကောင်အထည်ဖော်ရေးလည်း ပါဝင်ကြောင်း သိရပါသည်။ ထို့ပြင် ရေကြောင်းကဏ္ဍအတွင်း ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ အထူးသဖြင့် မူးယစ်ဆေးဝါးမှောင်ခိုမှု တားဆီးရေးတို့ကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ နှစ်နိုင်ငံဝန်ကြီး များသည် စိုက်ပျိုးရေး၊ သိပ္ပံနှင့် နည်းပညာ၊ လျှပ်စစ်မော်တော်ယာဉ် ထောက်ပံ့ရေးကွင်းဆက် (EV supply chain) နှင့် ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနီးကပ်လာစေရန်လည်း သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီး Le Hoai Trung ကလည်း ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့သည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းစေရန် နှစ်နိုင်ငံ ချိတ်ဆက်ဆောင်ရွက်မှု (connectivity) ကို တိုးမြှင့်သွားရန် သဘောတူညီခဲ့ကြောင်းနှင့် လက်ရှိအချိန်အထိ အင်ဒိုနီးရှား-ဗီယက်နမ် ကုန်သွယ်ရေးလုပ်ငန်းများ အားကောင်းစွာတိုးတက်နေသဖြင့် ၂၀၂၈ ခုနှစ် ကုန်သွယ်ရေးရည်မှန်းချက်ကို လွယ်ကူစွာရရှိနိုင်ပြီး ထိုထက်ပင် ကျော်လွန်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
