ပခုက္ကူမြို့၏ နာနတ်သီးဈေးနှုန်းအခြေအနေ

Powered by Drupal

       ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် နာနတ်သီးများလှိုင်လှိုင်ပေါသော ရာသီဖြစ်ပြီး  ရှမ်းပြည်(မြောက်ပိုင်း)ဒေသဖြစ်သည့် ကွတ်ခိုင်၊ နောင်ချို၊ သီပေါ၊ ကျောက်မဲတို့မှ အများဆုံးထွက်ရှိကြောင်း သိရှိရသည်။ ၎င်းဒေသတို့မှထွက်ရှိသော နာနတ်သီးများကို မြန်မာပြည်အနှံ့အပြား သို့ တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပြီး ပခုက္ကူဈေးကွက်သို့ သီပေါနှင့် ကျောက်မဲမြို့တို့မှ နာနတ်သီးများ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

      ပခုက္ကူမြို့၏အနောက်ဘက် ပန်းခြံဈေး၊ မြို့မစည်ပင်သာယာဈေးနှင့် သစ်သီးဆိုင်များတွင် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် ဈေးနှုန်းအနေဖြင့် နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်(၃၅၀၀-၄၀၀၀)၊ အလတ်တစ်လုံးလျှင် ကျပ်(၂၅၀၀)၊ အသေးတစ်လုံးလျှင် ကျပ်(၂၀၀၀)ဖြင့် အရွယ်အစားကိုလိုက်၍ ရောင်းချလျက်ရှိကြောင်း၊ ဝင်ရောက်လာသော နာနတ်သီးများကို လက်လီရောင်းချနေသော ဈေးသည်များကလည်း တစ်ဆင့်ပြန်လည်ရောင်းချခြင်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

          နာနတ်သီးသည် အမျှင်ဓါတ်ကြွယ်ဝစွာပါရှိခြင်းကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေသည့်အပြင် သွေးအတွင်း မကောင်းသော အဆီဓာတ်များကိုပါ လျော့ချနိုင်သောကြောင့် သွေးတိုးရောဂါဖြစ်ပွားခြင်းများကိုလည်း လျှော့ချပေးနိုင်ကြောင်း၊ ထို့ပြင် မျက်စိအမြင်အာရုံကို အထောက် အကူဖြစ်စေသော ကျန်းမာရေးဆေးဖက်ဝင် သီးနှံတစ်မျိုးဖြစ်သည့်အပြင် ဖျော်ရည်ပြုလုပ်ရာတွင် လည်းကောင်း၊ လတ်ဆတ်စွာစားသုံးရသောကြောင့် ဝယ်ယူစားသုံးမှုများကြောင်း ဈေးကွက်မှ သိရှိရသည်။

          စားသုံးသူများအနေဖြင့် နာနက်သီးဝယ်ယူရာတွင် အရောင်လှပ၍ သဘာဝအနံ့ရှိပြီး ပုတ်သိုးခြင်း၊ မှိုတက်ခြင်းနှင့် ထိခိုက်ပျက်စီးမှုမရှိသော အသီးများကိုသာဝယ်ယူစားသုံးသင့်ကြောင်း၊ မစားသုံးမီ သေချာဆေးကြောသန့်စင်ပြီး သန့်ရှင်းလတ်ဆတ်သော အသီးများကိုသာ စားသုံးသင့်ကြောင်းနှင့် ဈေးနှုန်းများသည်လည်း သယ်ယူစရိတ်ပေါ်မူတည်၍ ပြောင်းလဲနိုင်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)