
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သည် မိသားစုဝင်ငွေတိုးပွားစေရန်နှင့် သီးနှံပုံမှန်ဝင်ငွေရရှိစေရန်အတွက် နွေနှမ်းကို အားထား စိုက်ပျိုးကြရာ ယခုနှစ်တွင် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဆွတ်ခူးရိတ်သိမ်း ချိန်တွင် ဈေးကောင်းရရှိရန် မျှော်မှန်းလျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် နွေနှမ်းကို အများအားဖြင့် ဖေဖော်ဝါရီလလယ်နှင့် မတ်လအတွင်းတွင် စတင်မြေပြုပြင်၍ ကြဲပက်စိုက်ပျိုးကြသည်။ ဆည်ရေသောက်စနစ်ဖြင့်လည်းကောင်း၊ မြေအောက် ရေ (အဝီစိတွင်းရေ) ကို အသုံးပြု၍လည်းကောင်း စိုက်ပျိုးကြပြီး သီးနှံသက်တမ်းမှာ ရက်ပေါင်း ၉၀ မှ ၁၀၀ ဝန်းကျင်ခန့် ကြာမြင့်တတ်သည်။ ယခုနှစ်တွင် စိုက်ပျိုးစရိတ်များဖြစ်သည့် စက်သုံးဆီဈေး၊ သဘာဝမြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ၊ လုပ်အားခများ မြင့်တက်လာမှုကြောင့် နွေနှမ်းတစ် ဧကလျှင် စိုက်ပျိုးစရိတ် ကျပ် ၅၀၀၀၀၀ သိန်းကျော် ကုန်ကျကြောင်းသိရသည်။ မျိုးစေ့ဖိုး၊ ထွန်ယက်ခ၊ ရေတင်စရိတ်နှင့် ပေါင်းမြက်ရှင်းလင်းခတို့အပေါ် မူတည်၍ ကုန်ကျစရိတ် ကွာခြားမှု ရှိနိုင်ကြောင်း သိရသည်။
နွေနှမ်းများကို မေလနှောင်းပိုင်းနှင့် ဇွန်လအတွင်းတွင် စတင်ရိတ်သိမ်းကြသည်။ ရာသီဥတု အခြေအနေနှင့် စနစ်တကျ ပြုစုပျိုးထောင်နိုင်မှုအပေါ် မူတည်၍ ပျမ်းမျှအထွက်နှုန်း တစ်ဧကလျှင် ၁၂ တင်းမှ တင်း ၂၀ အထိ ထွက်ရှိလေ့ရှိသည်။ လက်ရှိကာလတွင် ဆီထွက်သီးနှံဈေးကွက်မှာ နှမ်းတစ်တင်းလျှင် ကာလပေါက်ဈေး ၁၂၀၀၀၀ ကျပ်ရရှိပြီး တစ်ဧကလျှင် (၁၄)သိန်းကျော်ရရှိ၍ အကျိုးအမြတ်အနေဖြင့် (၁၀)သိန်းဝန်းကျင်ခန့် ရရှိကြောင်း၊ ဈေးနှုန်းအတက်အကျနှင့် အထွက်နှုန်း ပေါ်မူတည်၍ အကျိုးအမြတ်ရရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
