
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် မိသားစုအပို ဝင်ငွေရရှိစေရန်နှင့် စားဝတ်နေရေး အထောက်အကူပြုစေရန်အတွက် လယ်ယာဘေးထွက်ပစ္စည်း ဖြစ်သော ကောက်ရိုးများကို အသုံးပြု၍ တစ်နိုင်တစ်ပိုင် ကောက်ရိုးမှိုစိုက်ပျိုးခြင်းလုပ်ငန်းကို တိုးချဲ့ လုပ်ကိုင်လာကြကြောင်း သိရသည်။
ကန့်ဘလူဒေသခံများသည် ကောက်ရိုးမှိုကို ရိုးရာနည်းလမ်းအပြင် ပိုမိုဖြစ်ထွန်းသည့် စိုက်ပျိုး နည်းစနစ်များကိုပါ အသုံးပြု၍ စိုက်ပျိုးကြသည်။ အလျား ၅ ပေ၊ အနံ ၂ ပေခွဲခန့်ရှိသော စိုက်ဘောင်များ ပြုလုပ်ကာ ကောက်ရိုးများကို ရေစိမ်၍ စနစ်တကျ ထပ်ဆင့်ပြီး မှိုမျိုးစေ့များနှင့် ဓာတ်မြေဩဇာ၊ ဖွဲနု စသည်တို့ကို အလွှာလိုက်ထည့်သွင်း စိုက်ပျိုးကြသည်။ စိုက်ပျိုးပြီးနောက် မှိုမျှင်များ ကောင်းမွန်စွာ ဖွံ့ဖြိုးစေရန် ပလတ်စတစ်စများ၊ သက်ကယ်များဖြင့် ဖုံးအုပ်ကာ အပူချိန်နှင့် စိုထိုင်းဆကို ထိန်းညှိပေးရသည်။ စိုက်ပျိုးပြီး (၇) ရက်မှ (၉) ရက်အတွင်း မှိုငုံများ စတင်ထွက်ရှိပြီး (၁၁) ရက်ခန့်တွင် စတင်ခူးဆွတ်နိုင်ကြောင်း သိရသည်။
ကောက်ရိုးမှိုလုပ်ငန်းသည် အရင်းအနှီးနည်းပြီး ရက်တိုတိုဖြင့် ဝင်ငွေရရှိနိုင်သော လုပ်ငန်းတစ်ခု ဖြစ်သည်။ တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများအနေဖြင့် မှိုမျိုးစေ့ဖိုး၊ ဖွဲနုနှင့် ပလတ်စတစ်စ ဖုံးအုပ်ခ သာမန်မျှသာ ကုန်ကျပြီး မိမိလယ်ယာမှ ထွက်ရှိသည့် ကောက်ရိုးများကို အဓိကအသုံးပြုသဖြင့် သွင်းအားစုစရိတ် အလွန်သက်သာသည်။ မှိုစိုက်ဘောင်တစ်ခုလျှင် ပျမ်းမျှအားဖြင့် မှိုပိဿာချိန် (၅) ပိဿာမှ (၇) ပိဿာအထိ ထွက်ရှိနိုင်ပြီး ရက်သတ္တပတ် (၂) ပတ်ဝန်းကျင်အတွင်း အရင်းအနှီး ပြန်လည်ကျေရုံသာမက အမြတ်အစွန်းများစွာ ကျန်ရှိသည်။
လက်ရှိအချိန်တွင် ကောက်ရိုးမှိုသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး အရသာကောင်းမွန်လှသဖြင့် ဒေသတွင်း စားသုံးသူများအကြား ဝယ်လိုအား အလွန်မြင့်မားနေသည်။ "ဒီရက်ပိုင်းတွင် မှိုအထွက်နှုန်းက ပုံမှန်ရှိပြီး ဝယ်လိုအားများသည့်အတွက် ခူးသမျှ ချက်ချင်းကုန်သွားသည်အထိ ရောင်းချရပြီး ကန့်ဘလူ ဈေးကွက်ထဲမှာ ကောက်ရိုးမှိုတစ်ပိဿာကို ၁၈,၀၀၀ ကျပ် ဖြင့် ရောင်းချလျက်ရှိပါသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ရက်တိုတိုဖြင့် တွက်ခြေကိုက်သည့် ကောက်ရိုးမှိုစိုက်ပျိုးခြင်းလုပ်ငန်းကို အိမ်တွင်းလက်မှု လုပ်ငန်း တစ်ခုအနေဖြင့် ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်လာကြကြောင်း သတင်းရရှိသည်။
DOCA(စစ်ကိုင်း)
