
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နှမ်း၊ မြေပဲ၊ နေကြာ၊ ဝါ၊ ဆန်စပါး၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ကနီမြို့နယ်၊ ချိုင်ကျေးရွာတွင် မိုးနေကြာ သီးနှံစိုက်ဧက ၁၀ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရ သည်။
နေကြာသီးနှံကို ဩဂုတ်လတွင် စိုက်ပျိုးပြီး နိုဝင်ဘာလတွင် စတင်ရိတ်သိမ်းကြကြောင်း၊ မျိုးစေ့အနေဖြင့် ဆင်းရွှေကြာ-၁မျိုးနှင့် ဆင်းရွှေကြာ-၂ မျိုးများကို စိုက်ပျိုးကြကြောင်း၊ နေကြာသီးနှံကို သီးသန့် စိုက်ပျိုးမှုနှင့် သီးညှပ်စိုက်ပျိုးမှုဟူ၍ စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၈ ပြည်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် နေကြာမျိုးစေ့၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၅ သိန်းခန့် ကုန်ကျကြောင်း၊ နေကြာသီးနှံ အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် ၂၅-၂၆ တင်းခန့် ထွက်ရှိပြီး စိုက်ပျိုးမြေအနေအထားနှင့် သီးနှံဖြစ်ထွန်း အောင်မြင်မှု အပေါ်မူတည်၍ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် နေကြာသီးနှံ ပေါ်စ အချိန်တွင် နေကြာတစ်တင်းလျှင် ငွေကျပ် ၇၀၀၀၀-၇၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး နေကြာဈေးကျဆင်းပါက ဆီကြိတ်၍ ရောင်းချလျက်ရှိပြီး တစ်ဧကလျှင် အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၄ သိန်းကျော်ခန့် ရရှိကြောင်း သိရသည်။
ယခု ဇူလိုင်လ ပထမပတ်တွင် နေကြာတစ်တင်းလျှင် ငွေကျပ် ၅၆၀၀၀ နှင့် နေကြာဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၉၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက် အနေဖြင့် မုံရွာမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ နေကြာသီးနှံသည် စိုက်ပျိုးမှုကုန်ကျ စရိတ် သက်သာပြီး အကျိုး အမြတ်ရရှိသည့် သီးနှံဖြစ်ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
