အစားအသောက်လုပ်ငန်းများ ပြည်ပဈေးကွက်ချဲ့ထွင်ရန် အစိုးရပံ့ပိုးမည့် အင်ဒိုနီးရှား

Powered by Drupal

       အင်ဒိုနီးရှားနိုင်ငံ၏ အစားအသောက်လုပ်ငန်းများ နိုင်ငံတကာဈေးကွက်သို့ တိုးချဲ့ဝင်ရောက်နိုင်ရေးနှင့် နိုင်ငံ၏ ရိုးရာအစားအစာများကို ကမ္ဘာတစ်ဝန်း မိတ်ဆက်နိုင်ရေးအတွက် ပြည်ပ၌ အင်ဒိုနီးရှားစားသောက်ဆိုင်များ တိုးချဲ့ဖွင့်လှစ်ရန် ကုန်သွယ်ရေးဝန်ကြီးဌာနက ပံ့ပိုးဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

       အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး Budi Santoso က Banten ပြည်နယ်၊ Tangerang မြို့တွင် အောက်တိုဘာလ ၉ ရက်နေ့က ကျင်းပသည့် Franchise and License Expo အခမ်းအနား၌ ပြောကြားရာတွင် နိုင်ငံပေါင်း ၃၃ နိုင်ငံ၌ ဖွင့်လှစ်ထားသည့် ကုန်သွယ်ရေးသံမှူးရုံးများနှင့် အင်ဒိုနီးရှားကုန်သွယ်မှုမြှင့်တင်ရေးစင်တာများ (ITPCs) ၏ ကွန်ရက်ကို အသုံးချ၍ အဆိုပါလုပ်ငန်းများကို ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

      လက်ရှိတွင် နိုင်ငံပေါင်း ၃၃ နိုင်ငံ၌ ကိုယ်စားလှယ်ရုံး ၄၆ ရုံးရှိပြီး ယင်းရုံးများ၏ တာဝန်တစ်ရပ်အနေဖြင့် ပြည်ပ၌ အင်ဒိုနီးရှားစားသောက်ဆိုင်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေးကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

        ထို့ပြင် ယခုလအတွင်း ကျင်းပမည့် Trade Expo Indonesia (TEI) 2026 ကုန်စည်ပြပွဲ၌ ပြည်ပနိုင်ငံများတွင် စားသောက်ဆိုင်အသစ် (၅)ဆိုင်ဖွင့်လှစ်နိုင်ရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။ စားသောက်ဆိုင်လုပ်ငန်းများ ပြည်ပသို့ တိုးချဲ့ခြင်းသည် လုပ်ငန်းများ ပိုမိုကြီးထွားလာစေရန်နှင့် ဈေးကွက်သစ်များသို့ ဝင်ရောက်နိုင်ရန် ထိရောက်သည့် နည်းလမ်းတစ်ရပ်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။

        အဆိုပါအစီအစဉ်သည် အင်ဒိုနီးရှားနိုင်ငံ၏ အစားအသောက်သံတမန်ရေးရာ အစီအစဉ်ဖြစ်သည့် S’RASA နှင့်လည်း ကိုက်ညီလျက်ရှိသည်။ ယင်းအစီအစဉ်သည် အင်ဒိုနီးရှားနိုင်ငံ၏ အမွှေးအကြိုင်ကြွယ်ဝသော ရိုးရာအစားအစာများကို နိုင်ငံတကာဈေးကွက်သို့ မိတ်ဆက်မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

        S’RASA အစီအစဉ်အရ ကမ္ဘာတစ်ဝန်းရှိ အင်ဒိုနီးရှားစားသောက်ဆိုင်များတွင် နိုင်ငံ၏ ရိုးရာဟင်းလျာများကို မိတ်ဆက်ပေးရုံသာမက ယင်းအစားအစာများနှင့် ဆက်စပ်သည့် ယဉ်ကျေးမှု အမွေအနှစ်များ၊ သမိုင်းကြောင်းနှင့် အမှတ်သညာတို့ကိုပါ ဖော်ပြသွားမည်ဖြစ်သည်။ ကနဦးစမ်းသပ်စီမံကိန်းအဖြစ် ဂျပန်နိုင်ငံ တိုကျိုမြို့၊ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၊ နယ်သာလန်နိုင်ငံ အမ်စတာဒမ် မြို့၊ ဗြိတိန်နိုင်ငံလန်ဒန်မြို့နှင့် အမေရိကန်နိုင်ငံ နယူးယောက် မြို့တို့ရှိ ရွေးချယ်ထားသော စားသောက်ဆိုင်များတွင် အဆိုပါအစီအစဉ်ကို စတင်အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

      တစ်ဖက်တွင်လည်း ကုန်သွယ်ရေးဝန်ကြီးဌာနသည် ပြည်တွင်းထုတ်ကုန်များ၏ ပို့ကုန်မြှင့်တင်ရေးကို ဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် အသေးစား၊ ငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ (MSMEs) ၏ ထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် ပြည်တွင်းထုတ်လုပ်သူများနှင့် ပြည်ပဝယ်လက်များကို ချိတ်ဆက်ပေးသည့် စီးပွားရေးချိတ်ဆက်မှု အစီအစဉ်များကို အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

         ပို့ကုန်လုပ်ငန်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်လိုသည့် လုပ်ငန်းများအပါအဝင် MSMEs များ ပြည်ပဈေးကွက်သို့ ဝင်ရောက်နိုင်ရေးအတွက် လိုအပ်သည့် အကူအညီများကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့ကြောင်း သိရှိရသိပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)