
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံး ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် ၂၅.၆.၂၀၂၆ ရက်နေ့တွင် နံနက်(၀၉း၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ရေနံနှင့်ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြစ် မြို့နယ်အတွင်းရှိ ဆီဆိုင် (၈) ဆိုင်၊ ဆေးဆိုင်(၆)ဆိုင်၊ ဆန်ဆိုင်(၁၀)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
စစ်ဆေးဆောင်ရွက်ရာတွင် ဆန်ဆိုင်များအား မြန်မာနိုင်ငံဆန်စပါးအသင်း ရန်ကုန်မှ ထုတ်ပြန်သော ဆန်စပါးကုန်စည်ဒိုင် ဈေးနှုန်းပေါ်အခြေခံ၍ အမြတ် ၂ရာခိုင်နှုန်းဖြင့် ဆန်များကို ဈေးနှုန်းဖော်ပြရောင်းချရန်ကိုလည်းကောင်း၊ ဆန်များရောင်းချရာတွင် ဆန်အိတ်လက်ကျန်၊ ရောင်းချမှုအခြေအနေများကို စာရင်းပြုစုထားပြီး ဆန်ဆိုင် ရ၊ ထုတ်ကျန်စာရင်းများကို MyRo သတ်မှတ်ရက်အတွင်း ဖြည့်သွင်းဆောင်ရွက်ရန်ကိုလည်းကောင်း၊ စက်သုံးဆီဆိုင်များအားစစ်ဆေးရာ ဆီဈေးနှုန်းတည်ငြိမ်ရေးစစ်ဆေးခြင်း၊ ဆီများ ရောနှောရောင်းချမှုမရှိစေရန်၊ စက်သုံးဆီပြတ်လပ်မှု ရှိ/မရှိ၊ စက်သုံးဆီကို သိုလှောင်၍ ဈေးနှုန်း အတက်ကိုစောင့်၍ ရောင်းချခြင်းမပြုရန်ကိုလည်းကောင်း စစ်ဆေးခြင်း၊ ဆေးဆိုင်များအား စစ်ဆေးဆောင်ရွက်ရာ ဆေးဝါးများနှင့် ဆေးအပိုပစ္စည်းများတွင် အရည်အသွေးမပြည့်မီ သည့်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် ခွင့်ပြုလိုင်စင်မရှိသည့် ထိန်းချုပ်ဆေးဝါးများအား ရောင်းချခြင်းများမရှိစေရေး၊ သက်ဆိုင်ရာဌာနထောက်ခံချက် ပါဝင်သောဆေးဝါးများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီသော ဆေးဝါးများသာရောင်းချစေရေး၊ သတ်မှတ်ချက်နှင့် ကိုက်ညီသောဆေးဝါးများရောင်းချရာတွင် လက်ကားဈေးအပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုသော အမြတ်တင်ရောင်းချမှုများမဖြစ်ပေါ်စေရေး၊ ဆေးဝါးလက်ကျန်အခြေအနေနှင့် ဆေးဝါးများပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေများအား ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
