"သယ်ယူစရိတ်မြင့်မားမှုကြောင့် လားရှိုးမြို့တွင် ဘုရားပန်းနှင့် အပွင့်ပန်းများ ဈေးနှုန်းမြင့်တက်"

Powered by Drupal

             ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ဘုရားပန်းဈေးကွက်အတွင်း ဒေသတွင်း စိုက်ပျိုး ထုတ်လုပ်မှုထက် ပြင်ဦးလွင်နှင့် တောင်ကြီးမြို့များမှ တင်သွင်းမှုကို အဓိကအားထားနေရဆဲဖြစ်ပြီး သယ်ယူပို့ဆောင်ရေးစရိတ်နှင့် သွင်းအားစုစရိတ်များကြောင့် ပန်းဈေးနှုန်းများ မြင့်တက်လျက်ရှိ သည်။

         လားရှိုးမြို့သည် တောင်ပေါ်မြို့တစ်မြို့ဖြစ်သော်လည်း ဒေသခံအများစုမှာ တောင်ယာနှင့် အခြားသီးနှံများကိုသာ အဓိကထားစိုက်ပျိုးကြသဖြင့် ပန်းစိုက်ပျိုးမှု နည်းပါးသည်။ လားရှိုးမြို့၏ ဘုရားပန်းနှင့် အခမ်းအနားသုံး ပန်းဈေးကွက်အတွင်းရှိ ၈၀ ရာခိုင်နှုန်းခန့်ကို ပြင်ဦးလွင်မြို့နှင့် တောင်ကြီးမြို့များမှ အဓိကထား မှာယူတင်သွင်းနေရသည်။ ဒေသတွင်း၌မူ ဂန္ဓမာပန်း အနည်းငယ်နှင့် ပန်းတိမ်ငို (ပန်းတိမ်မနိုင်) ပန်းများကိုသာ တစ်နိုင်တစ်ပိုင် စမ်းသပ်စိုက်ပျိုးသည့် အခြေအနေရှိသည်။

       သယ်ယူပို့ဆောင်ရေးစရိတ် (ကားခ) ကြီးမြင့်ခြင်းနှင့် ပန်းစိုက်ပျိုးစရိတ် မြင့်တက်လာခြင်း တို့ကြောင့် ပန်းဈေးနှုန်းများမှာ ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်လျက်ရှိသည်။ ဈေးကွက်အတွင်း အဓိကအရောင်းသွက်သည့် ပန်းများမှာ ဂန္ဓမာပန်းနှင့် နှင်းဆီပန်း ဖြစ်ပြီး တင်သွင်းစရိတ်များကြောင့် ၁၀ ပွင့်ပါ တစ်စည်းလျှင် အနိမ့်ဆုံး ၂,၅၀၀ ကျပ်မှ ၅,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိပြီး ပန်းအမျိုးအစားနှင့် အပွင့်အရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းကွာခြားသည်။ ပန်းတိမ်မနိုင် (ပန်းတိမ်ငိုပန်း) - ၁၀ တံပါ တစ်စည်းလျှင် ၂,၅၀၀ ကျပ်ဝန်းကျင်ခန့်အထိ ရှိသည်။ သစ္စာပန်း - ၅ တံပါ တစ်စည်းလျှင် ၂,၀၀၀ ကျပ်ခန့် ပေါက်ဈေးရှိသည်။ သပြေပန်း - အဆင်သင့် ထိုးနိုင်သည့် အစည်းအကြီး/ အသေးပေါ်မူတည်၍ တစ်စည်းလျှင် ၁,၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်ခန့် အထိရှိပြီး သပြေငုတ် တစ်ငုတ်လျှင် အကြီးအသေးပေါ်မူတည်၍ ၁၅၀၀ မှ ၇,၀၀၀ ကျပ်ခန့်အထိ ရှိသည်။

      လက်ရှိတွင် အိမ်ရှင်မများနှင့် ဘုရားဖူးပြည်သူများအနေဖြင့် ဘုရားပန်းအိုးတစ်အိုး တင့်တင့်တယ်တယ် ကပ်လှူပူဇော်နိုင်ရန်အတွက် အနည်းဆုံး ငွေကျပ် ၅,၀၀၀ ခန့်အထိ အသုံးပြုနေရကြောင်း သိရသည်။

       လားရှိုးမြို့ရှိ ပန်းဈေးကွက်သည် ဒေသတွင်း ပန်းပင်စမ်းသပ်စိုက်ပျိုးသူ အနည်းငယ် တိုးပွားလာနေသော်လည်း လက်ရှိအချိန်အထိ လိုအပ်ချက် အများစုကို ပြင်ပမြို့များမှသာ တင်သွင်း နေရဆဲ ဖြစ်သည်။ သို့ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေး အခြေအနေနှင့် သွင်းအားစုစရိတ်များအပေါ် မူတည်၍ လားရှိုးမြို့၏ ဘုရားပန်းဈေးနှုန်းမှာ ဆက်လက် အတက်အကျ ရှိနေဦးမည် ဖြစ်ကြောင်း ပန်းစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။

DOCA(ရှမ်း)