
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ဆီထွက် သီးနှံတစ်မျိုးဖြစ်သော နေကြာသီးနှံကိုလည်း တောင်သူများမှ သီးထပ်သီးညှပ် စိုက်ပျိုးသည့်အပြင် သီးသန့်ဧကအလိုက် စိုက်ပျိုးလျက်ရှိပါသည်။ကျောက်ဆည်ခရိုင်အတွင်းတွင် နေကြာ(မိုး) စိုက်ပျိုးမှုအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင်ကျောက်ဆည်မြို့နယ်တွင်(၁၉၅၁)ဧက၊စဉ့်ကိုင်မြို့နယ်တွင်(၁၈၆၀)ဧက၊မြစ်သားမြို့နယ်တွင်(၇၀၅)ဧက၊ စုစုပေါင်း(၅၅၁၆)ဧက စိုက်ပျိုးထားရှိပြီး စဉ့်ကိုင် မြို့နယ်တွင်(၁၃၃၆)ဧက ရိတ်သိမ်းပြီး ကြောင်းသက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါ သည် ။ နေကြာစိုက်ပျိုးမှုအနေဖြင့် မျိုး(၄-၅) ပြည် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးသော မျိုးများမှာ ဆင်းရွှေကြာ မျိုး-၁ ၊ ဆင်းရွှေကြာမျိုး-၂ မျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း ၊ စိုက်ပျိုးနည်းမှာ ဘောင်ကြောင်းပေးစနစ်နှင့် ပတ်ကြဲစိုက်ပျိုးစနစ်ဟူ၍ (၂)မျိုး စိုက်ပျိုးကြကြောင်း ၊ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင်(၅၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁၅-၂၀)တင်းခန့်ထွက်ရှိကြောင်း ၊ နေကြာစျေးနှုန်းအနေဖြင့် ယခု သြဂုတ်လ တတိယပတ်တွင်တစ်တင်းလျှင်(၇၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိပြီး စျေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း၊ နေကြာဆီ(၁)ပိဿာလျှင် (၂၁၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ် လျက်ရှိကြောင်း ၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၅၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် မြတ်ကြောင်း ၊ တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပြီး သီးနှံပေါ်ချိန်တွင် တောင်သူများမှ မြို့ပေါ်ပွဲရုံသို့ ကိုယ်တိုင်ရောင်းချကြောင်း ၊ ပွဲရုံများမှတဆင့် ရန်ကုန်၊မန္တလေးမြို့ များသို့တင်ပို့ ရောင်းချလျက်ရှိကြောင်း ပွဲရုံများမှသိရှိရပါသည်။
DOCA(မန္တလေး)
