
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့် စပါး၊ ပဲ၊ ပြောင်း၊ နှမ်းသီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ၄င်းသီးနှံများအနက် ပဲတီစိမ်း (မိုး) သီးနှံကိုလည်း တောင်သူများမှ သီးထပ်သီးညှပ် စိုက်ပျိုးသည့်အပြင် သီးသန့်ဧကအလိုက် စိုက်ပျိုးလျက်ရှိပါသည်။ ကျောက်ဆည်ခရိုင်အတွင်းတွင် ပဲတီစိမ်း(မိုး) စိုက်ပျိုးမှုအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မြစ်သားမြို့နယ်တွင် (၆၃၇)ဧက၊ ခရိုင်အတွင်း စုစုပေါင်းစိုက်ဧက (၇၆၆၉) ဧက စိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ပဲတီစိမ်းမိုး အစော စိုက်များ စတင်ထွက်ရှိပြီဖြစ်ကြောင်း၊ ထနောင်းကုန်းကျေးရွာရှိ တောင်သူတစ်ဦးပြောပြချက် အရ သိရှိရပါသည်။ ပဲတီစိမ်းစိုက်ပျိုးမှုမျိုးအနေဖြင့် ကျောက်စိမ်းမျိုနှင့်ရေးဆင်း-၁၁ မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြ ကြောင်း ၊ (၁)ဧက မျိုးစေ့(၅-၆) ပြည်ခန့် ကုန်ကျကြောင်း၊ ပဲတီစိမ်းမျိုး စျေးနှုန်းအနေဖြင့် (၁)ပြည်လျှင်(၇၀၀၀/-)ကျပ်စျေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ ပဲတီစိမ်း စိုက်ပျိုးမှုကုန်ကျစရိတ် အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၅၀၀၀၀၀/-) ကျပ် ခန့်ကုန်ကျကြောင်း ၊ အများဆုံး စိုက်ပျိုးသောရွာများမှာ ကင်းစိန်စျေးရွာ၊ လောင်းတော်ဦးရွာ၊ ထနောင်းကုန်းရွာနှင့် စစ်ကုန်းရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ ပဲတီစိမ်း စိုက်ပျိုးမှု အနေဖြင့် ဘောင်ကြောင်းပေး အတန်းလိုက် စနစ်ဖြင့် အစေ့ချစိုက်ပျိုးကြကြောင်း ၊ ပဲတီစိမ်း ဇွန်လဒုတိယပတ်စျေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၉၀၀၀၀/-) ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ် လျက် ရှိပါသည် ။ တောင်သူများမှ ပဲတီသီးနှံကို နီးစပ်ရာ ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက် သွားရောက်ရောင်းချကြကြောင်း ၊ ပွဲရုံများမှတဆင့် ရန်ကုန် ၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချ လျက်ရှိပါသည် ။ ပဲတီစိမ်းနှမ်းသီးနှံ ထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့်စျေးနှုန်းများ ကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း ၊ ပဲတီစိမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(မန္တလေး)
