
ခရမ်းချဉ်သီးသည် စားသုံးသူများ ဝယ်ယူမှုများပြားသော အသီးအနှံများထဲတွင် ပါဝင်သည့်အလျောက် ရောင်းလိုအားကောင်းသော အခြေအနေတွင် ရှိနေသည်။ ကျိုက်ထို မြို့နယ် ခရမ်းချဉ်သီး ဈေးကွက်အတွင်းသို့ ရှမ်းသီး(ခေါ်) အင်းသီး၊ ထိုင်ဝမ်သီး၊ ဗမာသီးများ မျိုးစုံစွာဝင်ရောက်လျက်ရှိပါသည်။
အင်းသီးနှင့် ထိုင်ဝမ်သီးတို့ကို ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်ဒေသတို့မှ အများဆုံး ဝင်ရောက်လျက်ရှိသလို လွန်ခဲ့သောလများအတွင်း၌ ဗမာခရမ်းချဉ်သီးများလည်း ဈေးကွက် အတွင်း၌ အပြိုင်ထွက်ပေါ်ခဲ့ပါသည်။
ကျိုက်ထိုမြို့နယ်အတွင်း ရာသီပေါ်သီးနှံများကို ကျေးရွာများအချို့တွင် စိုက်ပျိုးလျက် ရှိရာ ခရမ်းချဉ်သီးများကို ရာသီမရွေး တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ခရမ်းချဉ်သီးသည် စားသုံးသူ ဝယ်ယူမှုများပြားသောကြောင့် စိုက်တောင်သူများအနေဖြင့် တွက်ချေကိုက် ကြောင်း သိရပါသည်။
ခရမ်းချဉ်သီးဈေးနှုန်းများအနေဖြင့် အလုံးအရွယ်အစားအလိုက် အကြီး၊ အသေးပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှုများ ရှိနိုင်သလို ရာသီပေါ်မူတည်၍လည်း ဈေးနှုန်းအပြောင်း အလဲရှိနိုင်ကြောင်း သိရပါသည်။ လက်ရှိတွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် ၄၅၀၀ မှ ၅၀၀၀ ဝန်းကျင်ရှိနေကြောင်း သိရပါသည်။
မိုးရာသီတွင် ခရမ်းချဉ်သီးဈေးများ တက်လာနိုင်ကြောင်း ခန့်မှန်းမှုများလည်း ရှိနေပါသည်။
DOCA (မွန်)
