
ကချင်ပြည်နယ်အတွင်း မိုးရာသီအစပြုလာသည်နှင့်အမျှ သဘာဝဝါးတောများမှ မျှစ်များ ပေါများစွာထွက်ရှိလာပြီး မျှစ်ဈေးကွက်များပြန်လည်အသက်ဝင်လာကာ ဒေသခံပြည်သူများအတွက် စားသောက်ကုန်နှင့်ဝင်ငွေရရှိရေးအတွက် အရေးပါသော သဘာဝထွက်ကုန်တစ်ခုဖြစ်လာကြောင်း သိရသည်။
ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်၊ ပူတာအိုနှင့်ခေါင်လန်ဖူး ဒေသများတွင် သဘာဝအလျောက်ပေါက်ရောက်သည့် ဝါးတောများစွာရှိပြီး နှစ်စဉ် မိုးဦးကာလမှ စတင်၍ မျှစ်များထွက်ရှိလာသည်။ဒေသခံများသည် မျှစ်များကို တောအတွင်းမှ သွားရောက်ခူးဆွတ် ကာ လတ်လတ်ဆပ်ဆပ် ရောင်းချခြင်း၊ အခြောက်လှန်းခြင်း၊ မျှစ်ချဉ်ဖောက်ခြင်းများ ပြုလုပ်၍ စီးပွားဖြစ် ရောင်းချလျက်ရှိကြသည်။
မျှစ်သည် အမျှင်ဓာတ်ကြွယ်ဝပြီးအဆီဓာတ်နည်းပါးသည့် သဘာဝအစားအစာ တစ်မျိုးဖြစ်ကာ ကချင်ရိုးရာဟင်းလျာများတွင်လည်း အဓိကပါဝင်သော အစားအစာတစ်မျိုးလည်း ဖြစ်သည်။ မျှစ်ဟင်းချို၊ မျှစ်သုပ်၊ မျှစ်ချဉ်နှင့်အသားငါးများဖြင့် ရောနှောချက်ပြုတ်သည့် ဟင်းလျာများမှ ဒေသခံများကြား လူကြိုက်များလျက်ရှိသည်။
မြစ်ကြီးနားဈေးကွက်အတွင်း မျှစ်အမျိုးအစားနှင့် အရည်အသွေးပေါ်မူတည်၍ မျှစ်နုများမှာ တစ်ပိဿာလျင် ကျပ် ၅,၀၀၀ မှ ၈,၀၀၀ ခန့်အထိ ရောင်းချလျက်ရှိပြီး ပုံမှန်မျှစ်များမှာ တစ်ပိဿာလျှင် ကျပ် ၃,၀၀၀ မှ ၅,၀၀၀ ကြား ပေါက်ဈေးရှိနေကြောင်း မျှစ်ရောင်းချသည့် ဈေးသည်များထံမှ သိရသည်။ ထို့အပြင် မျှစ်ချဉ်များမှာ တစ်ပိဿာလျှင် ကျပ် ၅,၀၀၀ မှ ၁၀,၀၀၀ ကျော်အထိ ရောင်းချရကြောင်း သိရသည်။
မြစ်ကြီးနားမြို့ရှိ မျှစ်ရောင်းချသူတစ်ဦးထံမှ “ယခုနှစ် မိုးဦးကျစောသဖြင့် မျှစ်ထွက်နှုန်း ကောင်းမွန်ကြောင်း၊ဈေးနှုန်းလည်း ယခင်နှစ်ထက် အနည်းငယ် ပိုကောင်းလာသဖြင့် မိသားစုဝင်ငွေ အတွက် အထောက်အကူဖြစ်ပါကြောင်း” ဟု စုံစမ်းသိရှိရပါသည်။
မျှစ်ဈေးကွက်တွင် လတ်ဆပ်သော မျှစ်များသာမက တာရှည်သိုလှောင်နိုင်သည့် မျှစ်ချဉ်၊ မျှစ်ခြောက်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များကိုလည်း စားသုံးသူများ စိတ်ဝင်စားမှု မြင့်တက်လာပြီး၊ အထူးသဖြင့် တိုင်းရင်းသားရိုးရာအစားအစာများ လူကြိုက်များလာခြင်းကြောင့် မျှစ်ဝယ်လို အား တိုးလာနေသည်ဟု မျှစ်ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရပါသည်။
ကချင်ပြည်နယ်၏ သဘာဝထွက်ကုန်တစ်မျိုးဖြစ်သော မျှစ်သည် ယခုနှစ်တွင် ဒေသခံပြည်သူ များ၏ စားဝတ်နေရေးအတွက်သာမက မိသားစုဝင်ငွေလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုလျက်ရှိပါကြောင်း သိရှိရပါသည်။
DOCA(ကချင်)
