
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကအားထားလုပ်ကိုင်သောဒေသဖြစ်ပြီး ပဲစင်းငုံ (Pigeon Pea)သည် တောင်သူများအတွက် မိုးသီးနှံ/ ဆောင်းသီးနှံအဖြစ် အားထားရသည့် အဓိကစီးပွားဖြစ် သီးနှံတစ်မျိုးဖြစ်ပြီး စာရင်းဇယားများအရ ယခင်နှစ်စိုက်ပျိုးရာသီတွင် ဧကတစ်သိန်းကျော် စိုက်ပျိုးခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာဌာနများထံမှ သိရသည်။
ကန့်ဘလူဒေသတွင် ပဲစင်းငုံကို သီးသန့်စိုက်ပျိုးခြင်းထက် သီးညှပ်အဖြစ် စိုက်ပျိုးမှုများပါသည်။ အထူးသဖြင့် မိုးမြေပဲ၊ နှမ်း၊ သို့မဟုတ် နေကြာ စသည့် သီးနှံများနှင့် တွဲဖက်၍ တန်းကြားညှပ် စိုက်ပျိုးကြသည်။ မြေစေးဆန်သောမြေနှင့် နှုန်းမြေများတွင် ဖြစ်ထွန်းမှုကောင်းပြီး ကန့်ဘလူမြို့နယ်၏ ရာသီဥတုနှင့် မြေဆီလွှာသည် ပဲစင်းငုံစိုက်ပျိုးရန် သင့်တော်သည်။ ပျမ်းမျှအားဖြင့် ပဲစင်းငုံ တစ်ဧကလျှင် ၁၅ တင်းမှ တင်း ၂၀ ကြား (စိုက်ပျိုးသည့် မျိုးစေ့၊ ရာသီဥတုနှင့် ပြုစုပျိုးထောင်မှုအပေါ်မူတည်၍) ထွက်ရှိလေ့ရှိသည်။ တန်းညှပ်စိုက်ပျိုးပါက အဓိကသီးနှံအပြင် ပဲစင်းငုံပါ ထပ်ဆောင်းရရှိသဖြင့် မြေအသုံးချမှု ထိရောက်ကြောင်း သိရသည်။
ပဲစင်းငုံသည် အခြားသီးနှံများနှင့်နှိုင်းယှဉ်ပါက အပင်ပြုစုခြင်းနှင့် သွင်းအားစု (မြေသြဇာ၊ ပိုးသတ်ဆေး) သုံးစွဲရမှု အနည်းငယ်သက်သာသော သီးနှံဖြစ်သည်။ မြေပြင်ခ၊ မျိုးစေ့ဖိုး၊ စိုက်ပျိုးခ၊ ပေါင်းမြက်ရှင်းလင်းခနှင့် ရိတ်သိမ်း/ခြွေလှေ့ခတို့ ဖြစ်သည်။ လက်ရှိသွင်းအားစုနှင့် လုပ်အားခ ဈေးနှုန်းများအရ ပဲစင်းငုံ တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ (သီးညှပ်စိုက်ပျိုးခွဲဝေမှု အပေါ်မူတည်၍) ခန့်မှန်းခြေ ကျပ် ၅ သိန်းမှ ၇ သိန်းဝန်းကျင် ရှိနိုင်ကြောင်း သိရသည်။
ပဲစင်းငုံသည် ပြည်ပပို့ကုန် (အထူးသဖြင့် အိန္ဒိယနိုင်ငံဈေးကွက်) ကို တိုက်ရိုက်မှီခိုနေရသော သီးနှံဖြစ်သဖြင့် အကျိုးအမြတ်သည် ကမ္ဘာ့ဈေးကွက်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းအပေါ် များစွာမူတည်နေသည်။ ပြီးခဲ့သည့် နှစ်ပိုင်းများမှစ၍ အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားမြင့်တက်မှုကြောင့် ပဲစင်းငုံဈေးနှုန်းမှာ သိသိသာသာ မြင့်တက်ခဲ့ပြီး တစ်တင်းလျှင် ကျပ်သိန်းဂဏန်းအထိ စံချိန်တင် ဈေးကောင်းရရှိခဲ့ဖူးသည်။ ပဲစင်းငုံရိတ်သိမ်းပြီးနောက် ကျန်ရှိသော ပဲရိုး/ပဲပင်တိုင်များသည် ကျေးလက်ဒေသတွင် အဖိုးတန် ထင်းစိုက်စရာ (လောင်စာ) အဖြစ်သော်လည်းကောင်း၊ နွားစာအဖြစ်သော်လည်းကောင်း အသုံးဝင်သဖြင့် ကုန်ကျစရိတ်ကို တစ်ဖက်တစ်လမ်းမှ သက်သာစေသည်။
ပဲစင်းငုံသည် သက်တမ်းရှည်သီးနှံ (၆ လမှ ၈ လခန့်) ဖြစ်သဖြင့် စိုက်ပျိုးချိန်နှင့် ပွင့်ငုံချိန်များတွင် မိုးခေါင်ခြင်း သို့မဟုတ် မိုးရွာသွန်းမှု မမှန်ကန်ပါက အထွက်နှုန်း သိသိသာသာ လျော့ကျတတ်သည်။ သီးတောင့်ဖောက်ပိုးနှင့် ယင်ကောင်အန္တရာယ်ကြောင့် အထွက်နှုန်း ထိခိုက်တတ်သဖြင့် စနစ်တကျ ကာကွယ်နှိမ်နင်းရန် လိုအပ်သည်။ ပြည်ပဝယ်လိုအားနှင့် ပေါ်လစီအပြောင်းအလဲပေါ်မူတည်ပြီး ဈေးနှုန်းအတက်အကျ ကြမ်းတတ်ခြင်းက တောင်သူများအတွက် စွန့်စားရမှုတစ်ခုဖြစ်ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် ပဲစင်းငုံစိုက်ပျိုးခြင်းသည် သီးညှပ်စနစ်ဖြင့် စိုက်ပျိုးနိုင်ခြင်း၊ သွင်းအားစု စရိတ်သက်သာခြင်းတို့ကြောင့် စနစ်တကျ ပြုစုပျိုးထောင်ပြီး ဈေးကွက်အဆင်ပြေပါက တောင်သူများအတွက် မိသားစုဝင်ငွေ တိုးပွားစေရုံသာမက ဒေသတွင်း စီးပွားရေးကိုပါ အကျိုးပြုစေသည့် အလားအလာကောင်းသော သီးနှံတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
