
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုလားပဲသီးနှံများကို မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ကန့်ဘလူမြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကုလားပဲစိုက်ပျိုးထွက်ရှိမှု များပြားသော ဒေသတစ်ခုဖြစ်ပြီး ထွက်ရှိသော ကုလားပဲများကို မန္တလေးဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိသည်။ ယခုကာလတွင် ကုလားပဲမျိုးစုံ၏ ဈေးနှုန်းများမှာ ပြည်တွင်းဝယ်လိုအားနှင့် ပြည်ပတင်ပို့မှု အခြေအနေများပေါ်မူတည်၍ အတက်အကျ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ကန့်ဘလူဒေသတွင် ကုလားပဲ V2၊ V7၊ 929 နှင့် ထိုင်ဝမ်ကုလားပဲမျိုးများ အဓိကစိုက်ပျိုးကြပြီး ယခုအခါ လက်ကျန်ပဲပမာဏ နည်းပါးလာခြင်းကြောင့် ရောင်းလိုအားလျော့ကျနေသည်။ ထို့ကြောင့် ဒေသတွင်းဝယ်လက်များနှင့် ပွဲရုံများမှ ဝယ်ယူမှု ဆက်လက်ရှိနေသဖြင့် ဈေးနှုန်းများမှာ တည်ငြိမ်မှုရှိသော်လည်း အနည်းငယ်မြင့်တက်လာသည့် အခြေအနေကို တွေ့ရသည်။ လက်ရှိ ဈေးကွက်အခြေအနေအရ ယခုဇွန်လ ပထမပတ်အတွင်း ကုလားပဲ ထိုင်ဝမ်တစ်တင်းလျှင် ကျပ် ၆၀၀၀၀၊ 929တစ်တင်းလျှင် ကျပ် ၆၂၀၀၀၊ V2တစ်တင်းလျှင် ၆၃၀၀၀နှင့် V7တစ်တင်းလျှင် ၆၂၀၀၀ ကျပ်နှုူန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ တစ်တင်းလျှင် ကျပ် ၅၀၀ မှ ၁၀၀၀ မြင့်တက်လာကြောင်း သိရသည်။
ပြည်ပတင်ပို့မှု တိုးတက်လာခြင်း၊ အိန္ဒိယနိုင်ငံ၏ ပဲဝယ်လိုအား ဆက်လက်ရှိနေခြင်းနှင့် လက်ကျန်ပဲပမာဏ လျော့နည်းလာခြင်းတို့ကြောင့် ကုလားပဲဈေးနှုန်းများမှာ ရေတိုကာလအတွင်း အားကောင်းနေဦးမည်ဟု ခန့်မှန်းရသည်။ သို့သော် မိုးရာသီမတိုင်မီ လက်ကျန်ပဲများ ထုတ်ရောင်းမှုများလာပါက ဈေးနှုန်းအနည်းငယ် ပြန်လည်ငြိမ်သက်နိုင်ကြောင်း ဈေးကွက်လေ့လာသူများက သုံးသပ်ထားသည်။ ခြုံငုံသုံးသပ်ရလျှင် ကန့်ဘလူမြို့နယ်၏ ကုလားပဲဈေးကွက်မှာ မန္တလေးဈေးကွက်၏ ဝယ်လိုအားအပေါ် အဓိကမှီခိုနေပြီး လက်ရှိတွင် ရောင်းလိုအားနည်းခြင်းနှင့် ပို့ကုန်လိုအပ်ချက်များကြောင့် ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
