
၂၀၂၆ ခုနှစ်၊ မေလ (၁၂)ရက်နေ့၊ နေ့လယ် (၁၄:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ ဝပ်အင်းရပ်၊ ရပ်ကွက် (၄)အတွင်းရှိ ဝပ်အင်းဘုန်းကြီးကျောင်း၌ ကျေးရွာသူ၊ ကျေးရွာသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သည့် ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၆၀)ဦးအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ကာ ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်လင်းဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ ကျေးရွာသူ၊ ကျေးရွာသားများအား အသိပညာပေးဟောပြောခဲ့ပါသည်။ စားသုံးသူ ကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့် ဝတ္တရားများ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားပြီး ထောက်ခံချက်ရှိသော အစားအစာနှင့် ထောက်ခံချက်မရှိသော အစားအစာများကို ပုံများနှင့်တကွ ပြသခဲ့ကြောင်း သိရှိရပါသည်။
ယင်းနောက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)အကြောင်း ရှင်းလင်းပြောကြားပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၁၅:၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
