တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်ထွက်ရှိနေသည့် ဒေသထွက်ဒူးရင်းသီး

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများတွင် ယခုကာလ အတွင်း ဒေသထွက်ဒူးရင်းသီးများ စတင်ထွက်ရှိလာနေပြီး ဒေသတွင်းဈေးကွက်သာမက အခြား မြို့များသို့ပါ တင်ပို့ရောင်းချမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထားဝယ်ဒေသတွင် ဒူးရင်းသီး ကို အဓိကအားဖြင့် သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူနှင့် ထားဝယ်မြို့နယ်အချို့ရှိ ကျေးရွာများတွင် စိုက်ပျိုးကြပြီး မိုးရေချိန်နှင့် မြေဆီလွှာကောင်းမွန်မှုကြောင့် အသီးအရည်အသွေးကောင်းမွန်သည့် ဒူးရင်းသီးများ ထွက်ရှိလျက်ရှိကြောင်း ဒေသခံစိုက်ပျိုးသူများထံမှ သိရှိရပါသည်။

     ယခုနှစ်တွင် ရာသီဥတုအခြေအနေ တည်ငြိမ်မှုကြောင့် အသီးထွက်နှုန်း ယခင်နှစ်များထက် ပိုမိုကောင်းမွန်လာကြောင်း သိရပြီး ဒူးရင်းပင်တစ်ပင်လျှင် အသီး ၅၀ မှ ၁၅၀ ခန့်အထိ ထွက်ရှိနိုင်ကြောင်း စိုက်ပျိုးသူများထံမှသိရပြီး အချို့စိုက်ခင်းများတွင် အရည်အသွေးမြင့် ဒူးရင်းမျိုးများကိုလည်း စမ်းသပ်စိုက်ပျိုးလာကြသည်။

    ဒေသတွင်းဈေးကွက်များတွင် ဒူးရင်းသီးကို အသီးအရွယ်အစားနှင့် အရည်အသွေးအလိုက် တစ်လုံးလျှင် ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ကျော်အထိ ရောင်းချနေကြပြီး အထူးအရသာကောင်းမွန်သည့် အသီးကြီးမျိုးများမှာ ပိုမိုဈေးကောင်းရရှိနေကြောင်း သိရသည်။ ထို့ပြင် ထားဝယ်ဒေသမှ ထွက်ရှိသည့် ဒူးရင်းသီးများကို မြိတ်၊ မော်လမြိုင်နှင့် ရန်ကုန်မြို့များသို့လည်း တင်ပို့ရောင်းချနေကြောင်း ဒူးရင်းစိုက်ပျိုးသူများထံမှသိရသည်။ ယခုကာလအခြေအနေများကြောင့် သယ်ယူပို့ဆောင်ရေး စရိတ်နဲ့ အလုပ်သမားစရိတ်များတက်လာသဖြင့် အမြတ်ရရှိမှုနည်းပါးမှုရှိပြီး ဝယ်လိုအားကတော့ ကောင်းမွန်နေကြောင်း သိရှိရပါသည်။ ထားဝယ်ဒေသထွက် ဒူးရင်းသီးများမှာ အခြားဒေသထွက်များ နှင့်ယှဉ်လျှင် အနံ့အရသာများထူးကဲကောင်းမွန်သဖြင့် တင်ပို့မှုများအနေဖြင့်လည်း ကောင်းမွန်လျက်ရှိသလို အဆိုပါသီးနှံမှာဒေသထွက်ဝင်ငွေကောင်းသီးနှံ တစ်မျိုးဖြစ်လာနေပြီး ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက်စေသည့် သီးနှံတစ်မျိုးအဖြစ် အရေးပါလာကြောင်း သိရသည်။

DOCA(တနင်္သာရီ)