
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုလတွင် ထောပတ်ပဲများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ထောပတ်ပဲကို ပခုက္ကူ ခရိုင်အတွင်းရှိ ကျွန်းများ၊ ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုးထုတ်လုပ် လျက်ရှိပါသည်။ ပခုက္ကူခရိုင်တွင် ထောပတ်ပဲ စိုက်ပျိုးဧကမှာ (၂၃၀၀)ကျော်ရှိပြီး ရာသီဥတုနှင့် မြေအမျိုးအစားပေါ်မူ တည်၍ တစ်ဧကထွက်နှုန်းမှာ တင်း(၂၀)မှ (၂၅)တင်းထိ ထွက်ရှိကြောင်း၊ တစ်ဧကလျှင် တစ်တင်း စိုက်ပျိုးရကြောင်း၊ ထောပတ်ပဲကို သီတင်းကျွတ်မှ စတင်စိုက်ပျိုးကြပြီး တပေါင်းတန်ခူးတွင် အသီး များခူးဆွတ်ရကြောင်း တောင်သူများထံမှ သိရသည်။ ထောပတ်ပဲကို စတင်စိုက်ပျိုးချိန်မှစ၍ တစ်လ ခွဲအကြာတွင် အပွင့်များစတင်ပွင့်ပြီး အပွင့်ပွင့်ချိန်တွင် အသီးအားတိုးဆေး ကောမတ်မြေဩဇာ ကျွေးရကြောင်း၊ တစ်ဧကလျှင် လုပ်သားခ၊ မျိုးအပါအဝင် ကျပ်(၄)သိန်းကျော် ကုန်ကျကြောင်း စိုက်တောင်သူများထံမှ သိရှိရပါသည်။
ဈေးနှုန်းအနေဖြင့် ၂၀၂၆ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)တွင် ကျွန်းထောပတ်ပဲဖြူတစ်တင်းလျှင် ကျပ်(၇၆၀၀၀)၊ ယောထောပတ်ပဲ တစ်တင်းလျှင်ကျပ် (၇၈၀၀၀)ဈေးဖြစ်၍ (ပထမပတ်)တွင် အရောင်းအဝယ် ဖြစ်ခဲ့သောဈေးနှုန်းမှာ ကျွန်းထောပတ်ပဲဖြူတစ်တင်းလျှင် ကျပ် (၈၁၀၀၀)၊ ယော ထောပတ်ပဲ တစ်တင်းလျှင်ကျပ် (၈၂၀၀၀)ဖြစ်ခဲ့၍ ယခင်(ပထမပတ်)နှင့် နှိုင်းယှဉ်ပါက တစ်တင်း လျှင် ကျပ်(၅၀၀၀)ခန့် ဈေးကျနေပြီး နေ့စဉ် ဝင်ရောက် အရောင်းအဝယ်ဖြစ်မှုမှာ အိတ်ရေ (၃၀၀ မှ ၁၀၀၀)ထိ ဝင်ရောက်ခဲ့ပြီး တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်းတွင်တစ်လလျှင် အိတ်ရေ အားဖြင့်(၄၀၀၀)ကျော် တင်ပို့နေကြောင်း ဥပုသ်နေ့မှလွဲ၍အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည် ဒိုင်မှ သိရှိရ ပါသည်။
DOCA(မကွေး)
