
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၀.၄.၂၀၂၆)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြန်အောင်မြို့၊ ရုံးလမ်း၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်မှုလုပ်ငန်းသုံးဆီ ထုတ်ယူမည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ မိမိတို့လုပ်ငန်းလိုအပ်ချက်အရ စက်မှုလုပ်ငန်းသုံးဆီ လျှောက်ထားမှုအပေါ် ခွဲဝေဖြန့်ဖြူးမှုနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က ၂၀၂၆ ခုနှစ် ဧပြီလအတွက် ခွဲဝေရရှိသည့် လုပ်ငန်းသုံးဆီများအား လုပ်ငန်းကြီး၊ လတ်၊ ငယ် အမျိုးအစားအလိုက် မိမိတို့ အမှန်တစ်ကယ်လိုအပ်သောဆီများ ထုတ်ယူသုံးစွဲနိုင်ရေး ရှင်းလင်းဆွေးနွေးခြင်း၊ စက်မှုလုပ်ငန်းသုံးဆီ ထုတ်ယူသုံးစွဲနေသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းတွင်အသုံးပြုလျက်ရှိသော ဆီလိုအပ်ချက်များတင်ပြရာတွင် မိမိတို့ အမှန်တစ်ကယ်သုံးစွဲနေသော လိုအပ်ချက်စာရင်းကိုသာ တင်ပြလျှောက်ထားရန်၊ သက်ဆိုင်ရာလုပ်ငန်းလိုင်စင်များ၊ ခွင့်ပြုချက်များနှင့် အခွန်ပေးဆောင်မှု အထောက်အထားများ ထားရှိစေရေး၊ မိမိတို့ လုပ်ငန်းအတွက်သာ သုံးစွဲရန်လိုအပ်ကြောင်း၊ ပြင်ပရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ထို့နောက် ၂၀၂၆ ခုနှစ် ဧပြီလအတွက် ခွဲဝေရရှိသော စက်မှုလုပ်ငန်းသုံးဆီများအား သတ်မှတ်ဈေးနှုန်းဖြင့် လုပ်ငန်းရှင်တစ်ဦးချင်း မိမိတို့ ရရှိသော လုပ်ငန်းသုံးဆီများအား ထုတ်ယူသုံးစွဲနိုင်ရေး၊ စနစ်တကျ စာရင်းခွဲဝေဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းရှင်(၈၆)ဦးတက်ရောက်ခဲ့ပြီး အစည်းအဝေးကို နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)
