
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်သည် စိုက်ပျိုးရေးထွန်းကားသော ဒေသဖြစ်ပြီး ဒေသ၏ အဓိကလက်မှုလုပ်ငန်းဖြစ်သော သင်ဖြူးဖျာအတွက် အလွန်အရေးပါသော လုပ်ငန်းဖြစ်သည်။ သင်ဖျာယက်လုပ်မှုကြောင့် သင်ပင်များကို စိုက်ပျိုးသူများလည်းရှိသည်။ သင်တစ်ဧက စိုက်ပျိုးစရိတ်နှင့် အကျိုးအမြတ် အခြေအနေများကို ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်ပင်သည် စိုက်ပျိုးပြီး ၃နှစ် ကြာမှသာ စတင်ခုတ်ယူနိုင်သော အမျိုးအစားဖြစ်သည်။ သင်ပင်စိုက်ပျိုးရာတွင် မြေပြုပြင်ခ၊ သင်သား (Rhizomes) မျိုးဖိုး၊ လုပ်သားခနှင့် သွင်းအားစုစရိတ်များ အပါအဝင် တစ်ဧကလျှင် ခန့်မှန်းခြေ ၁၈ သိန်းမှ ၂၅ သိန်း ဝန်းကျင်အထိရှိသည်ဟု သိရသည်။ သင်ခုတ်ချိန်တွင် သင်မ (ကုန်ကြမ်း) အနေဖြင့် တိုက်ရိုက်ရောင်းချပါက တစ်ဧကလျှင် ပျမ်းမျှ ၈ သိန်းမှ ၁၀ သိန်း ဝန်းကျင် အမြတ်ကျန်နိုင်ပါသည်။ သင်ပင်ကို ကုန်ကြမ်းအတိုင်းမရောင်းဘဲ ကိုယ်တိုင်ဖျာကြမ်း ရက်လုပ်ပါက အကျိုးအမြတ် ပိုမိုရရှိနိုင်သည်။ ဥပမာ - ၆ တောင်သင် တစ်မလျှင် ဖျာချော ၂ ချပ်ထွက်ရှိပြီး၊ အမြတ်ငွေ ကျပ် ၄၉,၅၀၀ ခန့် ၂၀၂၆ ခုနှစ် ဈေးကွက်အရ ရရှိနိုင်ကြောင်း သင်စိုက်ပျိုးတောင်သူ ဦးထွန်းငွေ၏ ရှင်းပြချက်အရ သိရသည်။ ပန်းတနော်ထွက် သင်များကို မအူပင်၊ ညောင်တုန်း၊ ဓနုဖြူနှင့် ရန်ကုန်ဈေးကွက်များအထိ တင်ပို့ရောင်းချသည် ။ ကျေးရွာများမှ သင်ဖျာကုန်ကြမ်းများကို ယက်လုပ်ပြီး ကုန်ချောထွက်ရန် ပန်းတနော်မြို့နယ်မှ သင်ဖျာရောင်းချသော ဆိုင်များမှ ကုန်ချောထုတ်လုပ်ရန် လာရောက်ဝယ်ယူကြပြီး သင်ချောဖျာအနေဖြင့် ပြန်လည်ထုတ်လုပ်ရောင်းချကြကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
