
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၂၀.၃.၂၀၂၆)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံ၊ မုန့်မျိုးစုံနှင့် အလှကုန်ရောင်းချသည့်စီးပွားရေးလုပ်ငန််းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ ကုန်မျိုးစုံ၊ မုန့်မျိုးစုံနှင့် အလှကုန် ရောင်းချသူ စီးပွားရေး လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်အညွှန်းပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာရောင်းချကြရန် အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး မိမိတို့၏ ကုန်ပစ္စည်းများအားဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင်များအား အသိပေးဆွေးနွေး ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ကုန်မျိုးစုံ၊ မုန့်မျိုးစုံနှင့် အလှကုန်ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင် (၁၅)ဦး၊ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
