
ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်း လျက်ရှိရာ စပါး၊ ပဲ၊ ပြောင်းသီးနှံများအပြင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်သီးနှံကို လည်း စိုက်ပျိုးလျက်ရှိပါသည်။ မြစ်သားမြို့နယ်အတွင်း ဆောင်းကြက်သွန်နီ စိုက်ဧက (၇၅၀၀) ဧက စိုက်ပျိုးထားရှိပြီဖြစ်ကြောင်း စိုက်ဧကတစ်ဝက်နီးပါးခန့် ရိတ်သိမ်းပြီး ဖြစ်ကြောင်း သက်ဆိုင်ရာဌာန များ၏ စာရင်းများအရ သိရှိပါသည်။ ယခုအခါ ကြက်သွန်နီများ တူးဖော်လျက်ရှိပြီး အများဆုံး စိုက်ပျိုးသော ကျေးရွာများမှာ ကသဲကုန်း၊ လေးဆယ်ကုန်း၊ ဆည်ရွာများ ဖြစ်ပါသည်။ စိုက်ပျိုးမှု အနေဖြင့် ကြက်သွန်ကို ပျိုးထောင်ပြီး(၄၅)ရက်သားပျိုးပင်များကို စိုက်ပျိုးရန်အသင့် ပြုလုပ်ထားသော စိုက်ဘောင်များသို့ ရွှေ့ပြောင်းစိုက်ပျိုးရပါသည်။ အများဆုံး စိုက်ပျိုးသော မျိုးများမှာ ရွှေဖလားမျိုး၊ ရွှေဖလားထိပ်မောက်မျိုးများကို စိုက်ပျိုးကြကြောင်း၊ ကြက်သွန်နီ (၁)ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း သိန်း (၃၀) ကျော်ကုန်ကျ ကြောင်း၊ ထွက်ရှိမှုအနေဖြင့်(၁)ဧက အထွက်နှုန်း (၃၀၀၀)ပိဿာ ကျော်ထွက်ရှိခဲ့ကြောင်း၊ တောဝယ် ဆောင်းကြက်သွန်နီ စျေးနှုန်းအနေဖြင့် အကြီး၊ အလတ်၊ အသေးအရော (၁)ပိဿာလျှင်(၁၈၀၀-၂၀၀၀) ကျပ် အထိစျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခု လက်ရှိ ကြက်သွန်နီ(ဆောင်း) အကြီး(၁)ပိဿာလျှင်(၂၇၀၀/-)ကျပ်၊ အလတ်(၁)ပိဿာလျှင် (၂၅၀၀/-)ကျပ်၊ အသေး(၁)ပိဿာလျှင် (၂၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ရောင်းဝယ်မှုအနေဖြင့် ပွဲစားများမှ စိုက်ခင်းထဲ အရောက် လာရောက်ဝယ်ယူကြကြောင်း၊ မြို့ပေါ်ပွဲရုံများသို့လည်း တိုက်ရိုက်တင်ပို့ရောင်းချကြ ကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ကုန်ကျစရိတ်နှုတ်ပြီး (၂၄၀၀၀၀၀/-)ကျပ်ခန့် မြတ်ကြောင်း၊ မိုးကြက်သွန်နီ စိုက်ပျိုးသော တောင်သူများအနေဖြင့်ဈေးနှုန်းများကောင်းမွန်သောကြောင့်အကျိုးအမြတ်ပိုမိုဖြစ်ထွန်းခဲ့ကြောင်း၊ ဆောင်းကြက်သွန်နီ ထွက်ပေါ်ချိန်တွင် ဈေးနှုန်းများအနည်းငယ်ကျဆင်းသောကြောင့် (မိုး) ကြက်သွန် လောက်(ဆောင်း)ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် အကျိုးအမြတ်နည်းကြောင်း၊ ဆောင်းကြက်သွန် စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(မန္တလေး)
