အိန္ဒိယပဲမျိုးစုံအသင်း (India Pulses & Grains Association) ၏ အပတ်စဉ် အစီရင်ခံစာတွင် ကုလားပဲဈေးနှုန်းများသည် လိုအပ်ချက်နည်းပါးခြင်းနှင့် ထုတ်လုပ်မှုပိုများလာမည်ဟု ခန့်မှန်းထား ခြင်းကြောင့် ဈေးကွက်အကန့်အသတ်ဖြစ်နေကြောင်း ဖော်ပြထားသည်။ ကုလားပဲနှင့် ပဲနီလေးတို့ ကဲ့သို့သော ပဲများ၏ ဈေးနှုန်းများသည် စိုက်ပျိုးထွက်ရှိရာ ဒေသများမှ ပို့ဆောင်ရောက်ရှိမှုများ တိုးလာခြင်းကြောင့် ထပ်မံလျော့နည်းလာပြီး စျေးကွက်အတွင်း အကန့်အသတ်ဖြင့်သာ ဆက်လက် လှုပ်ရှားမည်ဟု ခန့်မှန်းကြသည်။
အိန္ဒိယနိုင်ငံ လက်ကားစျေးကွက်များတွင် ကုလားပဲ၏ ပျမ်းမျှစျေးနှုန်းသည် မတ်လ ၂၁ ရက် နှင့် ပြီးခဲ့သည့်အပတ်တွင် ၁ ကွမ်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ၅၀၄၂.၅၅ ရူပီးသို့ ကျဆင်းခဲ့ပြီး ယခင်အပတ်၏ဈေးနှုန်း ၅၁၄၇.၃၁ ထက် နည်းလာသည်။ အလားတူ ပဲနီလေး၏ စျေးနှုန်းသည် လည်း ၆၇၇၈.၃၇ ရူပီးသို့ လျော့ကျခဲ့ပြီး ယခင်အပတ်၏ ၇၂၄၅.၅၁ ရူပီးထက်နည်းလာသည်ဟု အချက်အလက်များအရ သိရသည်။ ပဲနှစ်မျိုးလုံး၏ ဈေးနှုန်းများသည် အနည်းဆုံး ထောက်ပံ့ဈေးနှုန်း (MSP) ထက်နည်းနေသည်။ ၂၀၂၆-၂၀၂၇ ပဲရာသီအတွက် ကုလားပဲ MSP သည် ၁ ကွမ်တယ်လျှင် ၅၈၇၅ ရူပီးဖြစ်ပြီး ပဲနီလေးအတွက် MSP သည် ၇၀၀၀ ရူပီး ဖြစ်သည်။
“အစိုးရက MSP အတိုင်း ဝယ်ယူမှု စတင်နေပြီး အဆိုပါဆောင်ရွက်မှုသည် ပဲဈေးနှုန်းများကို ထောက်ပံ့ပေးမည်ဖြစ်သည်။ တင်သွင်းမှုကုန်ကျစရိတ်များ မြင့်တက်လာခြင်း၊ အနောက်အာရှ ဒေသ တွင် ဖြစ်ပွားနေသော စစ်ရေးနှင့် နိုင်ငံရေးတင်းမာမှုများကြောင့် ဒေါ်လာနှင့်ယှဉ်လျှင် ရူပီးတန်ဖိုး ကျဆင်းနေခြင်းတို့ကြောင့် ဈေးနှုန်းများ ထပ်မံလျော့နည်းမည် မဟုတ်ဘဲ အကန့်အသတ်အတွင်း သာ ရှိနိုင်သည်” ဟု IGrain India မှ Rahul Chauhan က ပြောသည်။
စျေးကွက်အများစုတွင် ဈေးနှုန်းများသည် MSP ထက်နည်းနေပြီး စက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်များက ကုလားပဲခြမ်းနှင့် ကုလားပဲမှုန့်တို့အတွက် လိုအပ်ချက်နည်းနေခြင်းကြောင့် သတိ ထားဝယ်ယူနေကြသည်” ဟု IPGA က ဆိုသည်။ မတ်လ နောက်ဆုံးပတ်တွင် ကုလားပဲ တင်သွင်းမှု သည် တန်ချိန်သိန်း ၆.၄၄ အထိ ရှိမည်ဟု ခန့်မှန်းထားပြီး လုံလောက်သည့် အခြေအနေ ရှိသည်ဟု IPGA ကဖော်ပြထားသည်။
လက်ရှိ ဘဏ္ဍာရေးနှစ်၏ ဧပြီမှ ဇန်နဝါရီအထိ ကာလအတွင်း တင်သွင်းမှုသည် ၂၀ ရာခိုင်နှုန်း ကျဆင်းကာ တန်သိန်း ၆.၈၈ သာ ရှိခဲ့ပြီး ယခင်နှစ် တန်သိန်း ၈.၆၄ ထက် နည်းခဲ့သည်။ ဒုတိယ အကြိမ် ခန့်မှန်းချက်များအရ ကုလားပဲ ထုတ်လုပ်မှုသည် ယခင်နှစ်၏ ၁၁၁.၁၄ တန်သိန်း ထက် ပိုများကာ ၁၁၇.၉၂ တန်သိန်း ရှိမည်ဟု ခန့်မှန်းထားပြီး၊ ပဲနီလေး ထုတ်လုပ်မှုသည်လည်း ယခင်နှစ် ၏ ၁၆.၅၄ တန်သိန်းမှ ၁၇.၃၃ တန်သိန်းသို့ တိုးလာမည်ဟု မျှော်မှန်းထားသည်။
အာမက်ဒါဘတ်မြို့မှ စက်မှုလုပ်ငန်းရှင် Punit Bachawat က “ဒီနှစ်မှာ မိုးရေကောင်းခြင်း နှင့် ရာသီဥတုသင့်လျော်မှုကြောင့် ကုလားပဲစိုက်ပျိုးမှုက ကောင်းမွန်ပြီး Rajasthan, Gujarat, Maharashtra နှင့် Karnataka ပြည်နယ်များတွင် ထုတ်လုပ်မှု ပိုမိုတိုးလာနိုင်သည်။ သို့သော် မိုးမမှန်ခြင်းနှင့် အပူချိန်မြင့်ခြင်းကြောင့် အစေ့အရွယ်အစား သေးငယ်လာပြီး အရောင်ပြောင်းလဲမှု အနည်းငယ် ဖြစ်ပေါ်ခဲ့သည်” ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။
Source: The Hindu Business Line, March 23, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
