မလေးရှားကုမ္ပဏီတစ်ခုဖြစ်သည့် QL Resources Berhad သည် ကမ္ဘောဒီးယား ပြောင်းဖူး ခြောက်များအား ဝယ်ယူ၍ မလေးရှားဈေးကွက်သို့ တင်ပို့ရန်နှင့် နိုင်ငံတကာစံချိန်စံညွှန်းများ နှင့်အညီ ခေတ်မီနည်းပညာဖြင့် ကြက်/ဘဲမွေးမြူခြင်းလုပ်ငန်းအား ကမ္ဘောဒီးယားတွင် ရင်းနှီး မြှုပ်နှံသွားရန် စိတ်ဝင်းစားလျက်ရှိကြောင်းသိရှိရသည်။
QL Resources Berhad မှ ကိုယ်စားလှယ် Chia Seong Pow သည် ကမ္ဘောဒီးယား စီးပွားကူးသန်းဝန်ကြီးဌာနမှ အတွင်းဝန် Samheng Bora နှင့် ပြီးခဲ့သည့် ရက်သတ္တပတ်က တွေ့ဆုံ ရာတွင် စက်မှုလယ်ယာကဏ္ဍအား အဆင့်မြှင့်တင်ရန်နှင့် ကမ္ဘောဒီးယား ထုတ်ကုန်များအား ဒေသတွင်း တိုးချဲ့တင်ပို့ရန်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအခြေအနေများအပေါ် ဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။ တွေ့ဆုံပွဲသို့ ကမ္ဘောဒီးယားအခြေစိုက် မလေးရှားကုန်သည်များနှင့် စက်မှုလက်မှု အသင်းချုပ်ဥက္ကဋ္ဌ Tan Khee Meng လည်း တက်ရောက်ခဲ့သည်။
Seong Pow က မိမိတို့ကုမ္ပဏီအနေဖြင့် ကမ္ဘောဒီးယားပြောင်းဖူးခြောက်ကို ဝယ်ယူ၍ မလေးရှားဈေးကွက်သို့တင်ပို့ရန်အတွက် ကမ္ဘောဒီးယားတွင် ကုန်သွယ်မှုလုပ်ငန်းတစ်ခုလုပ်ကိုင် ရန် စိတ်ဝင်စာလျက်ရှိကြောင်း၊ ထို့အပြင် အဆင့်မြင့်နည်းပညာများကို အသုံးပြု၍ ခေတ်မီ ကြက်/ ဘဲ မွေးမြူခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်းစားကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
Bora က မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းလုပ်ကိုင်ရန် ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်အလားအလာရှိသော ထုတ်ကုန်များဖြစ်သည့် အထူးသဖြင့် သီဟိုဠ်စေ့ကို မလေးရှားသို့တင်ပို့ရန်အတွက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတည်ထောင်ရန် ဝန်ကြီးဌာနကိုယ်စား တိုက်တွန်းလိုပါကြောင်း ပြောကြားထားပါသည်။
ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံ၏ နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်ကထက် ၂၄.၇ ရာခိုင်နှုန်းတိုးလာကာ ၂၀၂၅ ခုနှစ်တွင် ၁.၀၈ ဘီလီယံရှိခဲ့ကြောင်း အထွေထွေ အကောက်ခွန်ဦးစီး ဌာနမှ ထုတ်ပြန်ထားပါသည်။ သွင်းကုန်တန်ဖိုး ဒေါ်လာ ၉၃၅.၃၃ မီလီယံ၊ ၃၀.၀ ရာခိုင်နှုန်း ရှိခဲ့ပြီး ပို့ကုန်အနေဖြင့် ဒေါ်လာ ၁၄၃.၇၆ မီလီယံတင်ပို့နိုင်ခဲ့သောကြောင့် ၂.၆ ရာခိုင်နှုန်း လျော့နည်းခဲ့ ကြောင်း၊ မလေးရှားနိုင်ငံသည် ကမ္ဘောဒီးယား၏ ၁၁ နိုင်ငံမြောက် ကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း သိရှိရသည်။
ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံ၏ စီးပွားရေးဆက်ဆံမှုသည် ခိုင်မာအား ကောင်းလျက် ရှိရာ နှစ်နိုင်ငံကုန်သွယ်မှုသည် နှစ်စဉ် တိုးတက်နေကြောင်း၊ ၁၉၉၀ ပြည့်နှစ်မှစတင်၍ မလေးရှား သည် ကမ္ဘောဒီးယား၏ အရေးပါသော ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်လာပြီး ဆက်သွယ်ရေး၊ ဘဏ် လုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် ထုတ်လုပ်ရေးစသည့် ကဏ္ဍ ၄ ခုကို အဓိက ဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားထားပါသည်။
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သည့်အနေဖြင့် ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယား ဗဟိုဘဏ်မှ တာဝန်ရှိသူများနှင့် Bank Negara Malaysia တို့သည် ဘဏ္ဍာရေးဆိုင်ရာ တီထွင် ဆန်းသစ်မှုနှင့် ငွေပေးချေမှုစနစ်များအဆင့်မြှင့်တင်ရေးအတွက် နားလည်မှုစာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ကြောင်း၊ နိုင်ငံဖြတ်ကျော်ငွေပေးချေမှုများကို ထိထိရောက်ရောက်ဖြင့်လုံခြုံစိတ်ချမှုရှိစွာ တိုးမြှင့်ဆောင်ရွက်ရန်နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို တိုးတက်လာစေရေး ရည်ရွယ်ကြောင်း သိရှိရသည်။
ကမ္ဘောဒီးယားသို့ရောက်ရှိနေသော မလေးရှားနိုင်ငံသားများအနေဖြင့် ငွေပေးချေမှုကို QR code ဖြင့် ဆောင်ရွက်နိုင်သကဲ့သို့ မလေးရှားနိုင်ငံသို့ရောက်ရှိနေသော ကမ္ဘောဒီးယားနိုင်ငံ သား များသည်လည်း အလားတူဆောင်ရွက်နိုင်ကြောင်းသိရသည်။ ငွေလွှဲပြောင်းပေးပို့ခြင်းအား ပြည်တွင်း ငွေကြေးဖြင့် ဆောင်ရွက်နိုင်သည့်အတွက် နိုင်ငံဖြတ်ကျော် ငွေပေးချေမှုစနစ်အား ပိုမိုထိရောက်စွာ ဖြင့် လုံခြုံစိတ်ချမှုရှိစွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။ နားလည်မှု စာချွန်လွှာသည် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းများကို များစွာအထောက် အပံ့ဖြစ်စေကြောင်း သိရသည်။
Source: The Phnom Penh Post, March 23, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
