Vientiane မြို့တော်တွင် သောက်ရေသန့်စျေးနှုန်းများ မြင့်တက်လာမည်

Powered by Drupal

​          လာအိုနိုင်ငံ၊ Vientiane မြို့တော်တွင် မတ်လ ၁၈ ရက်မှစတင်၍ ၁၈ လီတာဝင် သောက်ရေသန့်ဘူးကြီးများ၏ စျေးနှုန်းကို မြှင့်တင်တော့မည်ဖြစ်ကြောင်း ဗီယက်ကျင်းမြို့တော် သောက်ရေသန့်အသင်း (VCDWA) က ကြေညာခဲ့သည်။ မူလက တစ်ဘူးလျှင် ၁၃,၀၀၀ ကစ် (အမေရိကန်ဒေါ်လာ ၀.၆၂) ရှိရာမှ ယခုအခါ ၁၅,၀၀၀ ကစ် (အမေရိကန်ဒေါ်လာ ၀.၇၁) သို့ တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

​          ၁၅ ရာခိုင်နှုန်းခန့် စျေးနှုန်းမြင့်တက်လာခြင်းသည် လာအိုနိုင်ငံအတွင်းရှိ ထုတ်လုပ်သူများ ကြုံတွေ့နေရသည့် စီးပွားရေးဆိုင်ရာ ဖိအားများကို ဖြေရှင်းနိုင်ရန် နောက်ဆုံးဆောင်ရွက် လိုက်သည့် ခြေလှမ်းတစ်ခု ဖြစ်သည်။ သောက်ရေသန့်အသင်းသည် ၂၀၂၃ ခုနှစ်၊ မေလအတွင်း ကလည်း ငွေကြေးဖောင်းပွမှု၊ ကစ်ငွေတန်ဖိုးကျဆင်းမှု၊ အလုပ်သမားရှားပါးမှုနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားမှုတို့ကြောင့် ရေသန့်တစ်ဘူးလျှင် ၆,၀၀၀ ကစ်မှ ၈,၀၀၀ ကစ်အထိ တိုးမြှင့်ခဲ့ဖူးသည်။ ၂၀၂၆ ခုနှစ်၏ ယခုစျေးနှုန်းမြှင့်တင်မှုမှာလည်း အထက်ပါအကြောင်းရင်းများ အပြင် အလုပ်သမားခ၊ အထွေထွေအသုံးစရိတ်နှင့် စက်ကိရိယာစရိတ်များ မြင့်တက်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း အသင်းက ထောက်ပြထားသည်။

           ဇူလိုင်လတွင် Vientiane မြို့တော် ပြည်သူ့ကောင်စီသည် မြို့တော်၏ ရေပေးဝေရေးလုပ်ငန်း (Tap water) ရှုံးပေါ်နေခြင်းကြောင့် ရေဖိုးရေခများကို အဆင့်လိုက်တိုး မြှင့်ရန် အတည်ပြုခဲ့သည်။ ရေဖိုးရေခစျေးနှုန်းများသည် ၂၀၁၄ ခုနှစ်ကတည်းက ပြောင်းလဲခြင်း မရှိခဲ့ပါ။

​          ထိုအတောအတွင်း အနိမ့်ဆုံးလုပ်ခလစာမှာ ၉၅၀,၀၀၀ ကစ် (ဒေါ်လာ ၄၅) မှ ၂.၅ သန်း (ဒေါ်လာ ၁၁၉) အထိ နှစ်ဆကျော် မြင့်တက်ခဲ့သည်။ ကုန်ကြမ်း၊ ဓာတုဗေဒပစ္စည်း၊ လျှပ်စစ်နှင့် လောင်စာဆီစရိတ်များမှာလည်း သိသိသာသာ မြင့်တက်ခဲ့သည်။ အဆိုပါ ရေဖိုးရေခတိုးမြှင့်မှုကို ၂၀၂၅ မှ ၂၀၂၈ ခုနှစ်အထိ ၃ နှစ်တာကာလအတွင်း အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

          ယခု ရေသန့်စျေးနှုန်းသစ်သည် Vientiane မြို့တော်ရှိ ခရိုင်ကိုးခုလုံးနှင့် အသင်းဝင် ရေသန့်ကုမ္ပဏီများအားလုံးအပေါ် သက်ရောက်မှုရှိမည်ဖြစ်သည်။ ဤဆုံးဖြတ်ချက်ကို မတ်လ ၁၃ ရက်နေ့တွင် ကျင်းပသည့် အမှုဆောင်ကော်မတီအစည်းအဝေးတွင် တညီတညွတ်တည်း ချမှတ် ခဲ့ခြင်းဖြစ်ပြီး၊ စျေးနှုန်းအကူးအပြောင်းကာလအတွင်း ဖောက်သည်များရရှိရန်အတွက် စျေးလျှော့ရောင်းခြင်းဖြင့် အပြိုင်အဆိုင်မလုပ်ရန်လည်း တင်းကျပ်စွာ သတိပေးထားကြောင်း သိရှိရပါသည်။

​Source : Vn Economy                                                                         

DOCA (ရန်ကုန်)