၆၉ လဆက်တိုက် ကုန်သွယ်ရေးပိုငွေရရှိခဲ့သည့် အင်ဒိုနီးရှား

Powered by Drupal

         Statistics Indonesia (BPS) ၏ တရားဝင်အချက်အလက်များအရ အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၀.၉၅ ဘီလီယံရရှိခဲ့ပြီး ၂၀၂၀ ခုနှစ် မေလမှစ၍ ဆက်တိုက် ၆၉ လကြာ ကုန်သွယ်ရေးပိုငွေရရှိမှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ကြောင်း မတ်လ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ BPS မှ ဖြန့်ဖြူးရေးနှင့် ဝန်ဆောင်မှု စာရင်းကဏ္ဍမှ ဒုတိယအကြီးအကဲ Ateng Hartono က နှစ်စဉ်တင်သွင်းမှု သိသာစွာမြင့်တက်ခဲ့သော်လည်း ရေနံနှင့် ဂတ်စ်မဟုတ်သည့်ကဏ္ဍကုန်သွယ်ရေးစွမ်းရည် အားကောင်းမှု၏မောင်းနှင်အားကြောင့် ကုန်သွယ်ရေးပိုငွေရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ BPS ၏ ဒေတာများအရ ရေနံနှင့် ဓာတ်ငွေ့မပါဝင်သည့် ကုန်သွယ်ရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၃.၂၂ ဘီလီယံ ပိုငွေ ရရှိခဲ့ပြီး၊ ရေနံနှင့် ဓာတ်ငွေ့ကဏ္ဍတွင် ဖြစ်ပေါ်ခဲ့သည့် အမေရိကန်ဒေါ်လာ ၂.၂၇ ဘီလီယံ လိုငွေပြမှုကို လျှော့ချပေးနိုင်ခဲ့ကြောင်း သိရပါသည်။ ရေနံနှင့် ဓာတ်ငွေ့မပါဝင်သည့် ပိုငွေရရှိမှုကို အဓိပံ့ပိုးခဲ့သည့် ကုန်ပစ္စည်းများမှာ တိရစ္ဆာန်နှင့် ဟင်းသီးဟင်းရွက်အဆီနှင့် ဆီများမှ အမေရိကန် ဒေါ်လာ ၃.၁၀ ဘီလီယံ၊ သတ္တုဓာတ်လောင်စာများမှ အမေရိကန်ဒေါ်လာ ၂.၁၆ ဘီလီယံနှင့် သံနှင့် သံမဏိမှ အမေရိကန်ဒေါ်လာ ၁.၅၁ ဘီလီယံ တို့ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၂.၁၆ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၃.၃၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုအနက် ရေနံနှင့် ဓာတ်ငွေ့မပါဝင်သည့် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၁.၂၆ ဘီလီယံဖြင့် ၄.၃၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ရေနံနှင့် ဓာတ်ငွေ့မပါဝင်သည့် ပို့ကုန်တိုးတက်မှုကို တိရစ္ဆာန်နှင့် အပင်တို့၏အဆီနှင့် ဆီများ၏ ၄၆.၀၅ ရာခိုင်နှုန်း မြင့်တက်မှု၊ နီကယ်နှင့် ဆက်စပ်ထုတ်ကုန်များ၏ ၄၂.၀၄ ရာခိုင်နှုန်း မြင့်တက်မှုနှင့် လျှပ်စစ်စက်ပစ္စည်းနှင့် ကိရိယာများ၏ ၁၆.၂၇ ရာခိုင်နှုန်း မြင့်တက်မှုတို့က ဦးဆောင်ခဲ့ကြောင်း သိရပါသည်။ တင်သွင်းမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၁.၂၁ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ် ပါက ၁၈.၂၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ အဓိကအားဖြင့်ရေနံနှင့် ဓာတ်ငွေ့မပါဝင်သည့် ကုန်စည်တင်သွင်းမှုများ မြင့်တက်လာမှုကြောင့်ဖြစ်ကြောင်း သိရပါသည်။ ရေနံနှင့် ဓာတ်ငွေ့ တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၁၇ ဘီလီယံဖြင့် ၂၇.၅၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ရေနံနှင့် ဓာတ်ငွေ့မပါဝင်သည့် တင်သွင်းမှုများမှာ အမေရိကန်ဒေါ်လာ ၁၈.၀၄ ဘီလီယံဖြင့် ၁၆.၇၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း Hartono က ပြောကြားခဲ့ပါသည်။ အမျိုးအစားအားလုံးတွင် တင်သွင်းမှုတိုးတက်ခဲ့ပြီး အထူးသဖြင့် ကုန်ကြမ်းပစ္စည်းနှင့် အလယ်အလတ်ထုတ်ကုန်များမှာ (၁၄.၆၇ ရာခိုင်နှုန်း မြင့်တက်) နှင့် မတည်ကုန်ပစ္စည်းများမှာ (၃၅.၃၂ ရာခိုင်နှုန်းမြင့်တက်) ခဲ့ကြောင်း သိရပါသည်။ ကုန်သွယ်ဖက်နိုင်ငံများအလိုက်ဆိုပါက အင်ဒိုနီးရှားသည် အမေရိကန် နိုင်ငံနှင့် ကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာ ၁.၅၅ ဘီလီယံဖြင့် အကြီးဆုံးပိုငွေရရှိခဲ့ပြီး ၎င်း၏နောက်တွင် အိန္ဒိယနိုင်ငံထံမှ အမေရိကန်ဒေါ်လာ ၁.၀၇ ဘီလီယံ၊ ဖိလစ်ပိုင်နိုင်ငံထံမှ အမေရိကန်ဒေါ်လာ ၀.၆၉ ဘီလီယံတို့အသီးသီးရရှိခဲ့ကြောင်း သိရပါသည်။ အကြီးဆုံး လိုငွေပြခဲ့သည့် နိုင်ငံများမှာ တရုတ်နိုင်ငံနှင့် ၂.၄၇ ဘီလီယံ၊ သြစတြေးလျနိုင်ငံနှင့် ၀.၉၆ ဘီလီယံနှင့် ပြင်သစ်နိုင်ငံနှင့် ၀.၄၇ ဘီလီယံတို့ဖြစ်ကြောင်း BPS ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)