
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၄.၃.၂၀၂၆)ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ လမ်းမတော်(မ)ရပ်ကွက်ရှိ ဈေးတာဝန်ခံရုံး၌ မြို့မဈေးအတွင်းရှိ ပြည်သူနှင့် လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပုဒ်မ (၄၁)နှင့် ပုဒ်မ(၄၃) အကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေ၏ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဖြစ်သော ပုဒ်မ ၄၁ အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်များထုတ်ပိုးပြင်ဆင်မှုအပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသော ကုန်စည်၏တံဆိပ်အမှတ်အသား၊ ကုန်စည်၏အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများ၊ ကုန်စည်များအပေါ်တွင် စတင်ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲအား သိသာထင်ရှားစွာဖော်ပြရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ ကျန်းမားရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်များအား စားသုံးသူများသိရှိနိုင်စေရန် ကြိုတင်သတိပေးချက်များအား ဖော်ပြရမည်ဖြစ်ကြောင်း၊ ပုဒ်မ ၄၃ အရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ထိုပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း (သို့မဟုတ်) ရောင်းချခြင်းမပြုစေရေး ပုဒ်မ ၆၈ အရ တားမြစ်ထားပြီး ဖောက်ဖျက်ကျုးလွန်ပါက နှစ် နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ ထက် မ ပိုသောငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်းတို့အားလည်းကောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)
