နေပြည်တော်၊ မတ် ၁၅
၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ် ၅၂ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်အခမ်းအနားကို ယခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့အစည်းက သတ်မှတ်ထားသည့် ဆောင်ပုဒ်ဖြစ်သည့် “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည် စိတ်ချစားသုံးသူဘဝ” (Safe Products, Confident Consumers)ဆောင်ပုဒ်နှင့်အညီ ဂုဏ်ပြုကျင်းပခြင်းဖြစ်ပြီး အခမ်းအနားတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦးမင်းမင်းက အဖွင့်အမှာစကားပြောကြားပါသည်။
၎င်းနောက် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှု Video Clip ပြသခြင်း၊ ဂုဏ်ပြုသီချင်းဖြင့် သီဆိုဖော်ဖြေတင်ဆက်မှုနှင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပါသည်။ ထို့နောက် တာဝန်ရှိသူများက ကော်မရှင်အဖွဲ့ဝင်များအား အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ခြင်း၊ ခေတ်မီ Digital နည်းပညာကို အသုံးပြု၍ မြန်မာဆန်စပါးအွန်လိုင်း MyRo ကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းအတွက် မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်သို့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး တာဝန်ရှိသူများက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသူများကို လည်းကောင်း၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ကျင်းပပြုလုပ်ခဲ့သည့် ကျပန်းစကားပြောပြိုင်ပွဲ၊ ဝန်ထမ်းကျင့်ဝတ် အပါး ၃၀ ရွတ်ဆိုမှုပြိုင်ပွဲနှင့် ကွန်ပျူတာကျွမ်းကျင်မှုပြိုင်ပွဲများတွင် ဆုရရှိသည့် ဝန်ထမ်း များကိုလည်းကောင်း အသီးသီး ဆုများချီးမြှင့်ခဲ့ကြပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်ဆောင်းပါး နှင့် ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
စားသုံးသူရေးရာဦးစီးဌာန
