
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း(လက်ထောက်ညွှန်ကြားရေးမှူး) သည် မြို့နယ်တာဝန်ခံနှင့်အတူ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မိတ်ဖက်ဌာနဆိုင်များနှင့် အတူ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ၂၀၂၆ခုနှစ် မတ်လ ၅ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု၊ အင်တာနက်ဝန်ဆောင်မှု၊ ဆက်သွယ်ရေးလုပ်ငန်းရှင်များနှင့် အွန်လိုင်းရောင်းချသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ပါသည်။
ခရိုင်တာဝန်ရှိသူမှ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ဝန်ဆောင်မှုဆိုသည်မှာ လုပ်ငန်း (သို့မဟုတ်) လုပ်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏ လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ ဖြည့်ဆည်းပေးသည့် ဆောင်ရွက်မှုကို ခေါ်ဆိုတာဖြစ်ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂၆ အရ စားသုံးသူအပေါ် အာမခံချက်ပေးထားသည့်ကာလတိုင်း ဝန်ဆောင်မှုမပေးနိုင်လျှင် (သို့မဟုတ်) ဝန်ဆောင်မှုပေးရန် ပျက်ကွက်လျှင် ဝန်ဆောင်မှုပေးရန်ပျက်ကွက်ခဲ့မှုကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် ယင်းအတွက် လျော်ကြေးပေးရန်၊ အာမခံထားသော အချိန်ကာလအတွင်း သဘောတူညီထားသော ဝန်ဆောင်မှုကိုမရခဲ့လျှင် စားသုံးသူ၏ နစ်နာမှုအတွက် ကုစားခွင့်ပေးရန် စားသုံးသူမှတောင်းဆိုပိုင်ခွင့်ရှိကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချ ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှုအခြေအနေ၊ အွန်လိုင်းရောင်းချခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အွန်လိုင်းမှဈေးဝယ်ယူရာတွင် တွေ့ရှိရသည့် အားသာချက်၊ အားနည်းချက်များ၊ အွန်လိုင်းမှ လိမ်လည်မှုပုံစံ (၂)မျိုး၊ စားသုံးသူများအနေဖြင့် အွန်လိုင်းမှတဆင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ကိုဝယ်ယူရာတွင် စိစစ်သင့်သည့် အချက်အလက်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကုန်သွယ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ဆောင်ရွက်ပေးမည့်အခြေအနေ၊ မှတ်ပုံတင်ထားသော အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့်ရရှိလာမည့် အကျိုးရလဒ်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဌာနများမှ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းရှင်များသိရှိလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များ၊ ဥပဒေများပါသတ်မှတ်ပြဌာန်းချက်များ အား အသီးသီးအသိပညာပေး ဆွေးနွေးခဲ့ကြောင်း တက်ရောက်သူ ၁၂၀ဦးရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
