စားသုံးသူရေးရာကော်မတီ(၁/၂၀၂၆)လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်တွင် ကျင်းပ

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်တွင် စားသုံးသူရေးရာကော်မတီ၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြန်အောင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်လည်းကောင်း၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ(၂၇)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

           မြန်အောင်ခရိုင် စားသုံးသူရေးရာကော်မတီ အစည်းအဝေးတွင် ဦးစွာ မြန်အောင်ခရိုင် စားသုံးသူရေးရာကော်မတီအဖွဲ့ ဥက္ကဌ ဦးမျိုးလှိုင်မှ  အဖွင့်အမှာစကား‌ပြောကြားခဲ့ပြီး အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန မြန်အောင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ အထက်ဌာန လမ်းညွှန်ချက်များ၊ ဆုံးဖြတ်ရမည့် အမှာစာများနှင့် ယခုလအတွင်း ဆောင်ရွက်ခဲ့မှုများ၊ လာမည့် တတိယသုံးလပတ်တွင် ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသူ အဖွဲ့ဝင်များကလည်း ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပါသည်။ တင်ပြဆောင်ရွက်ခဲ့သည့်  အမှာစာ(၅)ချက်အား အတည်ပြု ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး အဖွဲ့ဝင်များရဲ့ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်း  ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ပြီး နံနက်(၁၁:၀၀)နာရီအချိန်တွင် မြန်အောင်ခရိုင် စားသုံးသူရေးရာကော်မတီ အစည်းအဝေး ပြီးမြောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးကို အဖွဲ့ဝင်နှင့် ဖိတ်ကြားထားသူ(၁၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် ကျင်းပခဲ့သော ဟင်္သာတခရိုင် စားသုံးသူရေးရာ ကော်မတီအစည်းအဝေးတွင် စားသုံးသူရေးရာကော်မတီအဖွဲ့ ဥက္ကဌ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်းမှ  အဖွင့်အမှာစကား‌ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ အထက်ဌာန လမ်းညွှန်ချက်များ၊ ဆုံးဖြတ်ရမည့် အမှာစာများနှင့် ယခုလအတွင်း ဆောင်ရွက်ခဲ့မှုများ၊ လာမည့်တတိယသုံးလပတ်တွင် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသူ အဖွဲ့ဝင်များကလည်း ကဏ္ဍအလိုက်ဆွေးနွေးကြပြီး၊ ခရိုင်ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်းမှ ဆေးလိပ် နှင့် vape သုံးစွဲမှုအကြောင်း၊ အိမ်သုံးဆေးဝါး၊ ဆေးပစ္စည်းရောင်းချမှုတို့နှင့် စပ်လျဉ်း၍  ဈေးကွက်စောင့် ကြည့်စစ်ဆေးရာတွင် သက်ဆိုင်ရာဌာနဆိုင်များနှင့်ကွင်းဆင်းစစ်ဆေးမှုများ၊ အရေးယူဆောင်ရွက်မှုများ ရှိ/ မရှိ  မေးမြန်းဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်မှ ဈေးကွက်စောင့်ကြည့်ခြင်းနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ၊ အသိပညာပေးဆောင်ရွက်မှုများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုမရှိစေရေး ဌာနအနေဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။  ထို့နောက် စားသုံးသူရေးရာ ကော်မတီအဖွဲ့ ဥက္ကဌ ဦးလှိုင်ထွန်းမှလည်း တင်ပြဆောင်ရွက်ခဲ့သည့်  အမှာစာ(၅) ချက်အား အတည် ပြု ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့်   အဖွဲ့ဝင်များရဲ့ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်း  ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး နေ့လယ်( ၁၂ : ၀၀) နာရီအချိန်တွင် အစည်းအဝေး ပြီးမြောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးကို အဖွဲ့ဝင်နှင့် ဖိတ်ကြားထားသူ (၂၁)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)