မြန်မာ့ငှက်သိုက်ထွက်ကုန်များတင်ပို့ရန်စျေးကွက်အခွင့်အလမ်းများရှာဖွေလျက်ရှိ

Powered by Drupal

        မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံ(၇)နိုင်ငံတွင်သာ တွေ့ရှိရသောငှက်သိုက် ထွက်ကုန်များတင်ပို့နိုင်ရန် မြန်မာနိုင်ငံငှက်သိုက်မွေးမြူရေးအသင်းအဖွဲ့ကို စတင်ဖွဲ့စည်းသွားမည် ဖြစ်သည်။ ၂၀၂၃ခုနှစ်တွင် မြန်မာနိုင်ငံငှက်သိုက်မွေးမြူရေးအသင်းအဖွဲ့ကို ယာယီဖွဲ့စည်းခဲ့သည်။ လက်ရှိတွင် အဆိုပါအသင်းသည် မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ် (MLF)နှင့်တွဲဖက်အဖွဲ့အစည်း ပေါ်ပေါက်လာ‌စေရန် လုပ်ငန်းအဖွဲ့တစ်ခုဖွဲ့စည်းထားသည်။ ငှက်မွေးမြူသူများနှင့် စားသုံးနိုင်သော အော်ဂဲနစ်ငှက်သိုက်ထုတ်လုပ်သူများ တိုးပွားလာသည်နှင့်အမျှ စားသုံးနိုင်သောငှက်သိုက် ထွက်ကုန်များ တင်ပို့နိုင်ရေးဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိသည်။ အသင်းကြီးသည် မြန်မာ့ငှက်သိုက်မွေးမြူရေးလုပ်ငန်းကို တိုးတက်အောင်ဆောင်ရွက်ပြီး ၎င်းကဏ္ဍအတွင်းဗဟုသုတမျှဝေရေး လမ်းဖွင့်ပေးသွားမည်ဖြစ်သည်။ ငှက်သိုက်မွေးမြူခြင်းလုပ်ငန်းသည် ယခင်ကတနင်္သာရီတိုင်းဒေသကြီးရှိမြိတ်နှင့်ကော့သောင်းမြို့များတွင်အဓိကစုစည်းလုပ်ကိုင်ခဲ့သော်လည်း ယခုအခါ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တွင်လည်း ကျယ်ပြန့်စွာ လုပ်ကိုင်လျက်ရှိသည်။

          အရှေ့တောင်အာရှဒေသများဖြစ်‌သော ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ဖီလစ်ပိုင်၊ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့တွင် ငှက်သိုက်များသည် သဘာဝအလျောက်ဖြစ်ထွန်းပါသည်။ ပုံမှန်အားဖြင့် ငှက်သိုက်ငှက်များသည် ကျောက်ဂူကြီးများအတွင်း၌ ၎င်းတို့၏အသိုက်များကို ဆောက်လုပ်လေ့ရှိပါသည်။  ငှက်သိုက်များသည် တန်ဖိုးမြင့်ထုတ်ကုန်တစ်ခုဖြစ်ပြီး မြိတ်ကျွန်းစု ကဲ့သို့သော နေရာများမှငှက်သိုက်များကို နိုင်ငံခြားသို့တင်ပို့ပါသည်။ မကြာသေးမီနှစ်များအတွင်း စားသုံးနိုင်သောငှက်သိုက်ထုတ်လုပ်မှုများတိုးတက်များပြားလာခဲ့ပြီး သဘာဝဂူများအပြင် အိမ်တွင်း စနစ်များဖြင့်ပါ ငှက်သိုက်များမွေးမြူထုတ်လုပ်လာနိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)